close

PDF ထီးလင်း

close

September 29, 2022

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်သား ၁ ဦးကို PDF- ထီးလင်းက ကျပ် သိန်း ၆၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့  ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရဲတပ်သားတယောက်ကို  စက်တင်ဘာ ၂၈ ရက်မှာ  ပြည်သူ့ကာကွယ်ရေးတပ် PDF-ထီးလင်းက ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၆၀ ချီးမြှင့်ပေးအပ်လိုက်ပါတယ်။

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သားတယောက်ဟာ  စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့တာကြောင့်  PDF-ထီးလင်းကို ဆက်သွယ်ပြီး စက်တင်ဘာ ၈ ရက်က လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်လာတာလို့ PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရဲတပ်သားဟာ G4 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၂၄၈ တောင့်နဲ့ လှံစွပ်တချောင်း ယူဆောင်လာတာကြောင့် PDF-ထီလင်းက ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၆၀ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ ပူပေါင်းချင်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂန့်ဂေါခရိုင်တပ်ရင်း (၂၊ ၄၊ ၁၀) PDF-ထီးလင်းအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေပြီး လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်မယ်ဆိုရင် ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်း ရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။

6 mins Ago

May 22, 2022

လက်နက်အပြည်စုံဖြင့် CDM လုပ်ခဲ့သည့် ရဲတပ်သား PDF ထီးလင်းတွင် တာဝန်ထမ်းဆောင်မည်

မကွေးတိုင်း ထီးလင်းမြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ မေ ၁၀ ရက်နေ့က စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တာကြောင့် လက်နက်ခဲယမ်း အပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး PDF-ထီးလင်းမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြုထားတယ်လို့ PDF-ထီးလင်းရဲ့ တပ်ရင်းမှူး ဗိုလ်လရောင်က ဒီဗွီဘီကိုပြောပါတယ်။

အဲဒီရဲတပ်သားဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့မှာ CDM လုပ်ခဲ့ပေမယ့် ပြည်သူလူထုက အကာကွယ်မပေးနိုင်ခဲ့လို့ အဲဒီ မတ် ၃၀ ရက်နေ့မှာပဲ စစ်အုပ်စုဘက်က ပြန်ဖမ်းမိသွားပြီး Non CDM အဖြစ်နဲ့ ဂန့်ဂေါမြို့က ဂိတ်တွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရှင်စနစ်ကို မကြိုက်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဝင်ရောက်ဖို့ စိတ်အားထက်သန်လို့ အခု မေလ ၁၀ ရက်နေ့မှာ G3သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ G3 ကျည် ၁၉၄ တောင့်၊ ၄၀ မမ ကျည်တလုံး၊ M22 သေနတ်တလက်၊ ကျည်ဘောက်တခု၊ ကျည်ဆန်အတောင့် ၂၀ နဲ့အတူ CDM ပြုလုပ်ခဲ့တာကြောင့် PDF-ထီးလင်းက ငွေကျပ်သိန်း ၁၁၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဗိုလ်လရောင်က ပြောပါတယ်။

“သူက PDF ထဲမှာပဲ တာဝန်ထမ်းဆောင်မှာပါဗျ။ CDM ဝင်မယ် ပြည်သူ့ရင်ခွင်ခို့လှုံမယ်ဆိုရင်တော့ ကျနော်တို့က လက်ကမ်းကြိုဆိုပြီးသားပေါ့။ လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDM ပြုလုပ်ရင်တော့ ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး NUG ရဲသစ္စာခံအဖြစ် သစ္စာဆိုခိုင်းမယ်။ ပြီးရင် လွတ်မြောက်နယ်မြေကို သွားချင်ရင်လည်းပို့ပေးတယ်။ ကျနော်တို့ စိတ်ချယုံကြည်ရရင် PDF ဘုတ်အဖွဲ့ကလည်း လက်ခံယုံကြည်ရင် PDF မှာဆက်ပြီး တာဝန်ထမ်းဆောင်ချင်ရင်လည်း တာဝန်ထမ်းဆောင်ရင်း စောင့်ကြည့်ရင်းနဲ့ ဆက်ပြီးတာဝန်ထမ်းဆောင်လို့ရပါတယ်။” 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

4 months Ago
Up