တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ PDF နှစ်ယောက်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိတဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ် ၃၀ ရက် ညပိုင်းက မြိတ်မြို့ ကန်ခေါင်းရပ်ကွက်မှာရှိတဲ့ မြစံအိမ်တည်းခိုခန်းမှာ ကျွန်းစုမြို့နယ်ကနေ လာရောက်တည်းခိုနေတဲ့ ၃၄ နှစ်အရွယ် အမျိုးသားကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှာ အမေရိကန်နိုင်ငံထုတ် ပစ္စတိုတလက်နဲ့ ကျည်အတောင့် ၃၀ ကျော် အပါအဝင် တခြားအသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်အရ နောက်ထပ်တယောက်ဖြစ်တဲ့ မြိတ်မြို့ တရုတ်တန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပြီး အဲဒီလူဆီမှာလည်း ချက်နိုင်ငံထုတ် GLOCK အမျိုးအစား သေနတ်တလက်နဲ့အတူ ကျည် ၁၇ တောင့်နဲ့ ရီမုမိုင်း ပြုလုပ်တဲ့ ဆားကစ်နဲ့ ရီမုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားတယ်။
မြိတ်မြို့မှာ စစ်ကောင်စီကို သတင်းပေးနေတဲ့သူတွေ အများအပြား ရှိနေတဲ့အတွက် ယူဂျီလုပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားဆောင်ရွက်သင့်ပြီး စစ်တပ်က အာဏာသိမ်းတဲ့ အချိန်တုန်းက စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြနေတဲ့သူ တချို့ကလည်း လက်ရှိမှာ စစ်ကောင်စီရဲ့ သတင်းပေးတွေ ဖြစ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မစ်ရှင်တွေ ဆောင်ရွက်တဲ့နေရာမှာ သတိကြီးကြီးနဲ့ လျှို့ဝှက်လုပ်ကိုင်ဖို့ လိုအပ်နေပြီလို့ မြိတ်မြို့က ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် စာမျက်နှာကတော့ အဲဒီလူတွေက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ရာမှာ ကျူးလွန်ခဲ့တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပေမဲ့ တကယ်တမ်းက မြိတ်မြို့မှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာက စစ်ကောင်စီ တပ်ဖွဲ့တွေသာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ညနေပိုင်းက မြိတ်မြို့ ပြည်တော်သာတံတားနားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူတူစီးလာလို့ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆိုင်ကယ်ပေါ်က အမျိုးသားတယောက်နဲ့ လမ်းဘေးမှာ ဂိမ်းထိုင်ဆော့နေတဲ့ အမျိုးသားတယောက် ကျည်ဆန်ထိပြီး သေဆုံးခဲ့ပါသေးတယ်။