close

PDF ပူးပေါင်းအဖွဲ့

close

April 7, 2023

ထားဝယ်တွင် မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူ ၂ ဦးကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီးလမ်းပိုင်း တနေရာမှာ မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၂ ဦးတို့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ DDT-ထားဝယ် ပကဖက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၅ ရက် မနက် ၁၁ နာရီလောက်က ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာမှာ သွားလာနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါး ၁၀ လုံးကျော် တွေ့ရှိခဲ့တဲ့အပြင် ရောင်းချသူကိုလည်း ထောင်ချောက်ဆင်ဖမ်းခဲ့တာကြောင့် အလုံး ၁၀၀ ကျော် ဖမ်းဆီးရမိကာ စုစုပေါင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၀ လုံးနဲ့ အိုက်စ်မူးယစ်ဆေး အပါအဝင် ငွေကျပ် ၇၄,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ Dawei Defense Team-DDT မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖမ်းဖို့က ဘာသတင်းမှလည်းမရဘူး။ ကျနော်တို့က လမ်းပိုင်းကို စစ်ဆေးဖို့သွားတာလည်း မဟုတ်ဘူး။ လမ်းပိုင်းမှာ ဖြတ်သွားရင်းနဲ့ မသင်္ကာလို့ စစ်ဆေးရင်းနဲ့ တွေ့တာ။ စစဖမ်းတာက သုံးစွဲသူနှစ်​ယောက်ပဲ မိတယ်။ ရောင်းချသူကိုတော့ ထောင်ချောက်ဆင်ပြီး ဖမ်းလိုက်တာ။ သုံးစွဲတဲ့သူနှစ်ယောက်မှာက WY ၁၀ လုံးကျော်နဲ့ ရေခဲနဲ့ ဖမ်းမိတာ။ ဒိုင်မှာက ၁၀၀ ကျော်လောက်မိတာ။”

အခုလို ဖမ်းဆီးမှုကို Eastern Defense Force - EDF၊ Dawei Defense Team - DDT (ထားဝယ် ပ.က.ဖ) နဲ့ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့အ​ပြင် မူးယစ်ဆေးသုံးစွဲသူ ၂ ဦးနဲ့ ရောင်းသူ ၁ ဦးကိုတော့ စစ်တပ်အလိုကျ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့ သတိပေးထားပြီး နောက်ထပ်မပြုလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းကာ ဧပြီ ၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး တရားမဝင်ငွေတွေကိုလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ​ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

12 mins Ago

January 2, 2023

စစ်ကောင်စီတပ်စွဲထားသည့် ခင်ဦး အလည်သျှိုကျေးရွာကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်ကောင်စီတပ် ၅ ရက်ကြာ တပ်စွဲထားတဲ့ အလည်သျှိုကျေးရွာကို ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီခွဲက ခရိုင်တပ်ရင်း-၃၊ ခင်ဦး PDF၊ မြို့နယ် ပကဖ၊ ပလဖ နဲ့ ခင်ဦးထဲက တခြား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“စကစနဲ့ ပျူတွေ တပ်စွဲထားတဲ့ အလည်လျှိုကျေးရွာကို သုံးချီမြောက် စစ်ဆင်ရေးအဖြစ်နဲ့ စစ်မျက်နှာ ၃ ဖက်ဖွင့် တိုက်ခိုက်ခဲ့တာပါ။ အရှေ့ထိပ်၊ နောက်ထိပ်မှ နှစ်ဖက်ညှပ်ပြီး တရစပ်ပစ်ခတ် ထိုးစစ်ဆင် တိုက်ခိုက်တာ‌ကြောင့် ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်။”

အလည်လျှိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၉၀ ခန့်က ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ချိန် ရွာကို အရှေ့ထိပ် အနောက်ထိပ်ပိတ်ပြီး သတ်ကွင်း (မီးလောင်ပြင်) အဖြစ် ဖော်ဆောင်နေတယ်လို့လည်း ဆက်ပြောပါတယ်။

“တိုက်ပွဲက ၅ နာရီကြာ‌လောက် ဖြစ်ခဲ့တယ်။ သူတို့က ရွာ အရှေ့ထိပ် အနောက်ထိပ်ကို သတ်ကွင်းအ‌နေနဲ့ မီးတင်ရှို့တယ်။ ပြီးတော့ ရွာအလယ်ပိုင်းကို ပြန်စုရုံးပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ ည ကိုးနာရီခွဲလောက်မှာ တိုက်ပွဲပြီးတယ်။ သူတို့ထိခိုက်တဲ့ အရေအတွက် အတိအကျတော့ မသိရဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေတော့ အထိအခိုက် အကျအဆုံး မရှိပါဘူး။”

အလည်လျှိုကျေးရွာဟာ ခင်ဦးလမ်းဆုံရဲ့ မြောက်ဘက် (ရွှေဘို-မြစ်ကြီးနား) ဗျူဟာလမ်းဘေး ကပ်လျက်မှာတည်ရှိပြီး ဇီးကုန်း စစ်ကောင်စီတပ်နဲ့ ရွှေဘို လေ့ကျင့်ရေး-၈ စစ်ကောင်စီတပ် အကြားရှိ အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ဇန်နဝါရီ ၂ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ ရွာအတွင်း ပုန်းခိုနေတဲ့ စစ်ကောင်စီနဲ့ ပျူတွေက တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီဘက်က ရုပ်အလောင်းတွေကို မီးရှို့သင်္ဂြိုဟ်ပြီး သေနတ်တွေပစ်ဖောက် (အမိန့်ပြန်) တာတွေ ပြုလုပ်ကြောင်းနဲ့ နေအိမ်တွေကို ဆက်လက်မီးရှို့တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

3 months Ago
Up