close

PDF ရန်ပုံငွေဖလား

close

June 21, 2021

တိုကျို PDF ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲ Sakra အသင်းနဲ့ MTC အသင်းဗိုလ်စွဲ

ပြည်သူ့ကာကွယ်ရေးတပ် (PDF)  ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပ်ပွဲတွေကို ဇွန်လ ၂၀ ရက်နေ့က တိုကျိုမြို့မှာကျင်းပခဲ့ရာ Sakra FC Tokyo အမျိုးသားအသင်းနဲ့ MTC အမျိုးသမီးအသင်းတို့က အနိုင်ရဗိုလ်စွဲကာ ချန်ပီယံဆုတွေ ဆွတ်ခူးရရှိသွားပါတယ်။  

အမျိုးသားအသင်းဒုတိယဆုကို Shinkoiwa အသင်းကရရှိပြီး တတိယဆုကို Five star A အသင်းကရရှိပါတယ်။ အမျိုးသမီး ဒုတိယဆုကို CYO အသင်းကရရှိပြီး  တတိယဆုကို RTM အသင်းတို့က ဆွတ်ခူးခဲ့ကြပါတယ်။

အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို Sakra အသင်းက ကိုနေမျိုးသူနဲ့ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကိုတော့ RTMအသင်းက မဝင်းသန္တာထွန်းက ရရှိပါတယ်။

အမျိုးသမီးချန်ပီယံဆုရတဲ့ MTCမှ မကေခိုင်က “အခုလို PDFအတွက် လှူဖို့ ပြိုင်ပွဲ ကျင်းပမှာဖြစ်သလိုဂျပန်မှာ ပထမဆုံး အမျိုးသမီးဘောလုံးပြိုင်ပွဲတခုဖြစ်တဲ့အတွက် စိတ်ဝင်စားပြီးအခုလို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာ”လို့ ပြောပါတယ်။

အမျိုးသားချန်ပီယံဆုရ Sakra အသင်းကတော့ သူတို့အနေနဲ့ ဒီပြိုင်ပွဲမှာ ဆုရလို့ပျော်တာထက် မြန်မာပြည်သူတွေအတွက် ကြိုးစားကြရတာမို့ပိုပျော်ရွှင်မိကြတယ်လို့ဆိုပါတယ်။ 

PDF အတွက် ရန်ပုံငွေရဖို့အဓိကထားပြိုင်ပွဲဝင်ကစားခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေ ဆက်အားတင်းထားကြဖို့နဲ့  ပြည်ပက တတ်နိုင်သလောက် ကူညီထောက်ပံ့သွားကြမယ်လို့လည်း အကောင်းဆုံးကစားသမားဆုရှင် RTM အမျိုးသမီးဘောလုံးအသင်းကစားသမားတွေက ဆိုပါတယ်။ 

နဂိုယာအပါအဝင် နယ်ပေါင်းစုံကနေ ပြိုင်ဝင်တဲ့ အသင်း ၅၀ နီးပါးရှိခဲ့ပြီး ပြိုင်ပွဲဝင် အသင်းကြေးတွေနဲ့ ပြိုင်ပွဲအတွင်းကောက်ခံရရှိတဲ့ ရန်ပုံငွေအားလုံးကို  PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ပေးပို့သွားမယ်လို့ ပွဲကျင်းပရေးကော်မတီဝင် လျန်ကျဲအိုက ပြောပါတယ်။ 

သတင်း/ ဓာတ်ပုံ ဇော်ဇော်လှိုင်

12 hours Ago
Up