close

PDF ၂ ဦး

close

June 20, 2021

ခင်ဦးမြို့နယ်က ကျဆုံး PDF ၂ ဦးကို မီးသင်္ဂြိုဟ် ၊ မြို့နယ် PDF က ဝမ်းနည်းကြောင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ  မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင်  ၂ ဦးကို  ဇွန်လ ၂၀ ရက် နေ့ခင်းပိုင်းက  ခင်ဦးမြောက်သုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ 

“မနေ့ကကျဆုံး PDF နှစ်ဦးကို စကစ က ခင်ဦးဆေးရုံကိုသယ်သွားတယ်။ ရင်ခွဲပေးမယ့် ဆရာဝန်ကိုမရှိဘူး။ ရင်မခွဲသေးတဲ့အလောင်းတွေကို သယ်ဖို့ အကြောင်းကြားတော့ လူမှုကူညီရေးအသင်းတခုက တာဝန်ယူ သယ်‌ဆောင်ပြီး မိသားစုတချို့သာလာပြီး မီးသင်္ဂြိုဟ် ခဲ့ရတာ”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

သာဂရရွာနဲ့ မြင်းဒေါင်းရွာကြား မူးတိမ်ချောင်းကူးတံတားအနီး မနေ့က တိုက်ပွဲမှာ အသက် ၃၀ ကျော်အရွယ် ၂ ဦး ကျဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ခင်ဦးမြို့နယ် PDF က ဒီနေ့  ဝမ်းနည်းဂုဏ်ပြုကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

မနေ့ကတိုက်ပွဲမှာ PDF ဘက်က ၂ ဦးကျဆုံးပြီး မြို့သစ်ကျေးရွာက ၂ ဦး ၊ အင်းပတ်ကျေးရွာက ၂ ဦးနဲ့ သရက်ကုန်းရွာက ၁ ဦး စုစုပေါင်း  ၅ ဦးဖမ်းဆီးခံရပါတယ်။  စစ်တပ်ဘက်ကလည်း  ၆ ဦးသေတယ်လို့ ခင်ဦးမြို့နယ်ဆေးရုံ အသိုင်းအဝိုင်းထံက သိရပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး ။

အဖမ်းခံရတဲ့ PDF တပ်ဖွဲ့ဝင်  ၅ ဦးကိုတော့ ရွှေဘိုကို ခေါ်ဆောင်သွားတယ်လို့သိရပြီး စစ်ကောင်စီက စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်စစ်ဆေးနေတယ်လို့  ရဲစခန်းနဲ့နီးစပ်သူဆီက သိရပါတယ်။

12 hours Ago
Up