ချင်းပြည်နယ်၊ တီးတိန်ဆေးရုံကြီးမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က မတ် ၁၂ ရက် ညဦးပိုင်းအချိန် ဝင်ရောက်တိုက်ရာ လက်နက်တွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေသိမ်းပိုက် ရရှိခဲ့တယ်လို့ PDF Zoland အဖွဲ့က ထုတ်ပြန်ပြောပါတယ်။
PDF Zoland အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲက ၁ နာရီ လောက်ကြာတယ်။ စစ်သားတွေ အဲဒီနေရာကနေ စွန့်ခွာထွက်ပြေးသွားကြပြီး လက်နက်၊ ဖုန်းနဲ့ တခြားပစ္စည်းတချို့ သိမ်းဆည်းရခဲ့တယ်။ တပ်စွဲထားတာ ၁၀ ယောက်လောက် ရှိတယ်။ တပ်စွဲကာလ ၄ လ ရှိပြီ။ တိုက်တာနဲ့ မီးအကုန်ပိတ်တိုက်တာ။ စစ် (-) ကျဆုံးဦးရေတော့ မသိရသေးဘူး။ စစ် (-) ဘက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ များနိုင်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဒဏ်ရာရသူနဲ့ သေဆုံးသူရှိနိုင်ပြီး ထိခိုက်အသေအပျောက်စာရင်းကိုတော့ အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကတည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ တပ်ကုန်းဘက်ကနေ ဆေးရုံဘက်ကို လက်နက်ကြီးပစ်ခတ်လို့ ပြည်သူတယောက် ထိမှန်သွားပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်သားတွေကတော့ ဘေးကင်းလုံခြုံတယ်လို့ PDF Zoland အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို မကြာမကြာ လှမ်းပစ်ခတ်တာ။ ကားသမားတွေဆီကနေ ငွေ အတင်းအဓမ္မတောင်းတာ၊ ဆေးရုံတက်၊ ဆေးကုသမှုခံနေရတဲ့ လူနာတွေဆီကနေလည်း မိုဘိုင်ဖုန်းတွေခိုးယူ အတင်းအဓမ္မ ငွေညှစ်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့က စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Zomi Federal Union က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲမှာ PDF Zoland နဲ့ CDM - Siyin( CDF-KKG တပ်ရင်း ၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတယ်လို့ ကနဦးသတင်းရပေမဲ့ အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။
စစ်ဆင်ရေးမှာပါတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအားလုံးကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။