close

Petronas

close

June 29, 2022

ဗိုလ်ချုပ်ကြီးဟောင်းချာဗလစ်နှင့် ဆက်နွှယ်သည့် ထိုင်းကုမ္ပဏီ ရဲတံခွန်စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရ

မြန်မာ့ကမ်းလွန်ရှိ ရဲတံခွန်ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်သွားတဲ့  Petronas ကုမ္ပဏီရဲ့ နေရာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၊  ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ်တို့နဲ့ ဆက်နွှယ်နေသူ ပိုင်တဲ့  ထိုင်း GPM ကုမ္ပဏီက အစားထိုးလွှဲပြောင်းလုပ်ကိုင်ခွင့်ရနေတယ်လို့  Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။

မလေးရှား Petronas ကုမ္ပဏီရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ရဲတံခွန် စီမံကိန်းမှာ ကြီးကြပ်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေနဲ့ ရှယ်ယာရှင်တွေကို မေလ ၂၀ ရက်မှာ နောက်ဆုံးထားပြီး လေလံဆွဲဖို့ ဖိတ်ခေါ်တဲ့ ကြေညာချက် တစောင်ကို ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

ရလဒ်ကတော့ Gulf Petroleum Myanmar (GPM) ဟာ မေလ ၃၁ ရက်နေ့ကတည်းက ယင်းစီမံကိန်းကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီလို့ အဲ့ဒီ့လုပ်ငန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် တခုက Justice For Myanmar ကိုပြောဆိုထားတယ်လို့ဆိုပါတယ်။ 

သူတို့ရဲ့ အဆိုအရ Petronas အနေနဲ့ သူ့ရဲ့ Acid Gas Removal Unit (AGRU) စီမံကိန်းပြီးစီးတာနဲ့ GPM ကို အပြီးသတ် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

GPM ကုမ္ပဏီဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတစ်ခုပါ။ 

Justice For Myanmar ၏ စုံစမ်းဖော်ထုတ်မှုအရ ဒီကုမ္ပဏီဟာ စင်္ကာပူနဲ့ သြစတြေးလျ နိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အံ့သြစရာက Northern Gulf Petroleum ကုမ္ပဏီအုပ်စုကို ဘာမြူဒါမှာ အမည်ခံ ဟန်ပြ ကုမ္ပဏီတွေနဲ့တဆင့် ဖွဲ့စည်းထားတာပါ။ ဒီ့အတွက်ကြောင့် ထိုင်းသူဌေး ချတ်ချိုင်းယမ်ဘန်ရွန်းနဲ့ Northern Gulf Petroleum တို့ဟာ Birtish Virgin Islands မှာ မှတ်ပုံတင်ထားတာ တွေ့ရှိရတယ်လို့ နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားညွှန့်ပေါင်း အဖွဲ့အစည်း (International Consortium of Investigative Journalists) က စုံစမ်းဖော် ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ သက်ဆင်အစိုးရတာဝန်ယူစဉ် (၂၀၀၄ ခုနှစ်က) ၁၉ ကြိမ်မြောက် ရေနံတူးဖော်ထုတ်လုပ်ခွင့်လုပ်ငန်းအတွက် လေလံဝင်ပြိုင်ဖို့ ရည်ရွယ်ပြီး Northern Gulf Petrolenum ကို ဖွဲ့စည်းခဲ့တဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတာရှိပါတယ်။

သူတို့ရဲ့ အဆိုအရ ဒီကုမ္ပဏီဟာ အရည်အချင်း သတ်မှတ်ချက် ပြည့်မီခြင်း မရှိပေမဲ့ ရေနံတူးဖော်ထုတ်လုပ်ခွင့်ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းသူဌေး ယမ်ဘန်ရွန်းဟာ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေမှာ ရေနံနှင့်သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

Justice For Myanmar ၏အဆိုအရ Gulf Petroleum Myanmar(GPM) ၏ ဥက္ကဋ္ဌရာထူးကို ယူထားတဲ့သူက  SMART Group of Companies မှ ဦးကျော်ကျော်လှိုင် ဖြစ်ပြီး ဒီကုမ္ပဏီကို စစ်အစိုးရက အုပ်ချုပ်စဉ်ကာလ (၁၉၉၄ ခုနှစ်မှာ) စစ်တပ်ထိန်းချုပ်ထားတဲ့ ရေနံလုပ်ငန်းကို ဝန်ဆောင်မှုပေးဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ GPM ရဲ့ ဒုတိယ ဒါရိုက်တာရာထူး ယူထားတဲ့သူက SMART Group of Companies မှ ဒါရိုက်တာ တဦးဖြစ်တဲ့ ဇာနည်ဆွေပါ။

အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)အား ဒဏ်ခတ်ပိတ်ဆို့ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် နိုင်ငံကြီးတွေက ယနေ့အချိန်အထိ လျစ်လျူရှုထားတုန်းလို့ Justice For Myanmar က ပြောပါတယ်။

Justice For Myanmar မှ မရတနာမောင်က “ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကို Gulf Petroleum Myanmar က လွှဲပြောင်းရယူလိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးခံရတာ အလျဉ်းမရှိဘဲ ကျူးလွန်ခွင့် ရနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာစစ်ကောင်စီအတွက် ဘဏ္ဍာငွေတွေ ဆက်ပြီး စီးဆင်းဖို့က သေချာသွားပြီ” လို့ ဆိုပါတယ်။

ဒီ့အတွက်ကြောင့် Gulf Petroleum Myanmar  မှ ဒါရိုက်တာတွေ ရှယ်ယာရှင်တွေ အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ လုပ်ရပ်တွေအတွက် မဖြစ်မနေ တာဝန်ခံကြ ရမှာပါ။ ဒီ့အပြင် အကြမ်းဖက် မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို အမေရိကန်၊ ဂျပန်နဲ့ တခြားသော အစိုးရတွေ က ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက် နေတဲ့အတွက်ကြောင့် သူတို့ အခုလို ဝင်ပြီး လုပ်ကိုင်ဖို့ ဖြစ်လာတာပါ လို့ Justice For Myanmar က ထောက်ပြပြောဆိုထားပါတယ်။

မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အရေးယူပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့က ပြီးခဲ့တဲ့ မေလ ၁ရက်နေ့က တိုက်တွန်းခဲ့တာ ရှိပါတယ်။

အဆိုပါ လှုပ်ရှားမှုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်မှု၊ မုဒိန်းမှု၊ ဓားစာခံ ဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ ငွေပင်ငွေရင်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက်စာပို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)က ရရှိတဲ့ ဝင်ငွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော် အမြတ်အစွန်း ရရှိနေတာပါ။

ဒါကြောင့် အမေရိကန်အစိုးရက MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ရင် စစ်အုပ်စု လက်နက်ဝယ်ယူရေးနဲ့ လေကြောင်းတိုက်ဖို့ လောင်စာဝယ်ယူရေး ခက်ခဲပြီး ရပ်တန့်သွားမှာလို့ Blood Money သွေးစွန်းငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

12 hours Ago

April 29, 2022

မလေးရှားစွမ်းအင်ကုမ္ပဏီ Petronas မြန်မာကမ်းလွန်ရေနံလုပ်ငန်းမှ နုတ်ထွက်

မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ PETRONAS Carigali Myanmar Inc (PCMI) နဲ့ PC Myanmar (Hong Kong) Limited (PCML)  ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း  ရဲတံခွန် လုပ်ကွက်အမှတ် M12၊ M13 နဲ့ M14 တို့ကနေ နုတ်ထွက်ကြောင်း ဧပြီ ၂၉ ရက် ဒီနေ့ ကြေညာပါတယ်။

ပြောင်းလဲနေတဲ့ စက်မှုပတ်ဝန်းကျင်နဲ့ အရှိန်မြှင့်နေတဲ့ စွမ်းအင်အကူးအပြောင်းကြားမှာ ကုမ္ပဏီရဲ့ တိုးတက်မှုရည်မှန်းချက်တွေနဲ့ကိုက်ညီအောင် Petronas ရဲ့ မဟာဗျူဟာအလိုက်  စေ့စပ်သေချာတဲ့ နည်းပညာ- ကူးသန်းရောင်းဝယ်ရေး ပြန်လည်သုံးသပ်မှုအပြီးမှာ ဒီဆုံးဖြတ်ချက်ကို  ချမှတ်ခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။

သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မနှစ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်က ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေမှုတွေကိုတော့ နုတ်ထွက်ရတဲ့ အကြောင်းရင်းအဖြစ် မဖော်ပြထားပါဘူး။ 

PC Myanmar (Hong Kong) Limited (PCML) ကုမ္ပဏီဟာ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး သူဟာ အစုရှယ်ယာ  ၄၀  ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

တခြားလုပ်ဖော်ကိုင်ဖက်တွေမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း က ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ Nippon Oil Exploration (Myanmar) Limited က   ၁၉ ဒသမ ၃ ရာခိုင်နှုန်း နဲ့ PTTEP International Limited  ၁၉ ဒသမ ၃ ရာခိုင်နှုန်း တို့ ပါဝင်ပါတယ်။ 

ကိုးကား- Petronas/CNA

2 months Ago
Up