Pfizer ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး၊ သောက်ဆေးကို အရေးပေါ် အခြေအနေမှာသုံးဖို့ တောင်ကိုရီးယားအစိုးရက ခွင့်ပြုလိုက်တယ်လို့ အစားအစာနဲ့ ဆေးဝါး ဘေးကင်းရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားဟာ လူချင်းခွာနေရမယ့် ကန့်သတ်ချက်ကို နိုဝင်ဘာလက ဖြေလျှော့ပေးခဲ့ပေမယ့် နေ့စဉ် အသစ်ကူးစက်ခံ အရေအတွက် ဆက်တိုက်တိုးလာခဲ့ပြီးနောက် အရင်အပတ်ကစပြီး ကန့်သတ်ချက်ကို ပြန်တင်းကျပ်ခဲ့ပါတယ်။ နိုင်ငံအတွင်း အသက် ၁၈ နှစ်အထက် လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးလို့ ပြီးစီးပါပြီ။
ပက်စ်လိုဗစ်လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး သောက်ဆေးဟာ အိမ်မှာ ဆေးကုသခံနေသူ ဒါမှမဟုတ် ဆေးပေးခန်းတွေမှာ တင်ထားရတဲ့ လူနာတွေ အခြေအနေ ပိုဆိုးမလာအောင် ဟန့်တားရာမှာ အထောက်အကူပြုဖို့ မျှော်လင့်ထားတယ်လို့ ဆေးဝါးဘေးကင်းရေးဝန်ကြီး ကင်မ်ဂန်းလစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဆေးကို အသက် ၁၂ နှစ်အထက်နဲ့ ကိုယ်အလေးချိန် ၈၈ ပေါင်အထက် လူကြီးတွေအတွက် သုံးနိုင်ပါတယ်။ ရောဂါအခံရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အခြေအနေ ဆိုးရွားလာနိုင်ခြေ ရှိတဲ့ ဝေဒနာအနုစားနဲ့ အလတ်စား ခံစားနေရသူတွေဟာ ဒီဆေးကို သုံးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ မာ့ခ်ကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး၊ သောက်ဆေးတွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံရေးဌာန FDA က ဒီဇင်ဘာ ၂၂ ရက်မှာ ခွင့်ပြုပေးဖို့ရှိတယ်လို့ ဘလွန်းဘာ့ဂ်သတင်းမှာ ရေးပါတယ်။
ဖိုက်ဇာကုမ္ပဏီထုတ် ပက်စ်လိုဗစ် ဆေးတောင့်အပါအဝင် ဆေး ၂ မျိုးဟာ ကိုဗစ်-၁၉ ကူးစက်လို့ ဆေးရုံတက်ရတာ၊ သေဆုံးတာမျိုးကို ဟန့်တားဖို့ အိမ်မှာတင် သောက်သုံးနိုင်တဲ့ ကုထုံးသစ်အဖြစ် အလာအလာ ကောင်းနေတယ်လို့ ရှုမြင်ခံထားရပါတယ်။
မာ့ခ်ကုမ္ပဏီက ထုတ်တဲ့ မိုနူပီရာဗီယာ ဆေးကတော့ နေမကောင်းဖြစ်တဲ့ အစောပိုင်းကာလမှာ ဘေးများတဲ့ လူနာတွေကို လက်တွေ့စမ်းသပ်ရာမှာ ဆေးရုံတင် ကုသရနှုန်းနဲ့ သေဆုံးနှုန်းကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးတာ တွေ့ရပါတယ်။
ဒီဆေးကို သုံးခွင့်ပြုရေးနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၃၀ ရက်က FDA ရဲ့ အကြံပေးအဖွဲ့က မဲပေးရာမှာ မဲနည်းနည်း အသာရခဲ့ပါတယ်။
ဖိုက်ဇာရဲ့ ပက်စ်လိုဗစ်ဆေးကတော့ အန္တရာယ်များတဲ့ လူနာတွေမှာ ဆေးရုံတင်နှုန်းနဲ့ သေဆုံးနှုန်းကို ဟန့်တားရာမှာ ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်တာကို ပြသခဲ့ပါတယ်။ FDA ကတော့ မှတ်ချက်တောင်းတာကို မတုံ့ပြန်ခဲ့ပါဘူး။
ဗြိတိန်ဟာ မာ့ခ်ရဲ့ ဆေးကို အပြင်းအထန် ဖျားနာဖို့ ရောဂါအခံလို အန္တရာယ်အနည်းဆုံး တခုရှိသူတွေ၊ ကိုဗစ်-၁၉ အနုစားနဲ့ အလတ်စား ဝေဒနာခံစားရတဲ့ လူနာတွေအတွက် သုံးနိုင်တဲ့ဆေးအဖြစ် နိုဝင်ဘာလက ပထမဆုံး အတည်ပြုပေးခဲ့ပါတယ်။
အမေရိကန်ကတော့ မာ့ခ်ဆီက ဆေးလုံး ၅ သန်းနဲ့ ဖိုက်ဇာဆီက ဆေးလုံး ၁၀ သန်းဝယ်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ပြီးပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။