စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ People Health Organization (PHO-KALAY) က စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကလေးမြို့နယ်က ရပ်ရွာနေ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က လူနာ ၇၃ ယောက်၊ ၁၆ ရက်နေ့က ၆၃ ယောက်နဲ့ ၁၇ ရက်နေ့မှာ အယောက် ၅၀၊ စုစုပေါင်း ၁၈၆ ကို ကျန်းမာရေးကြည့်ရှုကုသပေးနိုင်ခဲ့ပြီး ၂၅ ရက်နေ့မှာလည်း ကျန်နေတဲ့ ရွာတွေကို ဆက်လက် လှည့်လည် ကုသပေးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မိဘပြည်သူတို့ရဲ့ ကူညီမှုနဲ့ ဆေးဝါးအထောက်အကူရနိုင်ဖို့လည်း PHO-KALAY အနေနဲ့မျှော်လင့်ကြောင်း၊ ပြည်တွင်း ပြည်ပ ပြည်သူတွေအနေနဲ့လည်း ကူညီဆောင်ရွက်ပေးကြဖို့ PHO-KALAY က တိုက်တွန်းထားပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလည်း ကလေးပြည်သူ့ဆေးရုံမှာ တက်ရောက်နေတဲ့ လူနာတွေကို ကလေး PDF တာဝန်ရှိပုဂ္ဂိုလ်တွေက လာရောက်အားပေးစကားပြောခဲ့ပြီး လူနာတယောက်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့ပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က People Health Organization - Kalay အတွက် လိုအေပ်နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းခဲ့တယ်လို့ PHO-Kalay က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ကလေး PDF တပ်ရင်း ၁ ရဲ့တာဝန်ခံ ကိုသူရိန်ဇင်က "ပြည်သူလူထုရဲ့ စုပေါင်းလှူဒါန်းမှု နဲ့ ကလေး PDF က ကလေးပြည်သူ့ဆေးရုံရဲ့ လိုအပ်နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းပေးခဲ့တာ" လို့ ပြောပါတယ်။
ကလေးပြည်သူ့ဆေးရုံရဲ့ တာဝန်ခံဆရာက "အခုလို ဓာတ်မှန်စက်လှူဒါန်းတဲ့အတွက် ကုသရတဲ့ အပိုင်းမှာ အချိန်မကုန်စေဘဲ အဆင်ပြေစွာ သေချာတိတိကျကျ ကုသလို့ ရတယ်။ ရဲဘော်တွေ တိုက်ပွဲတွင်းမှာ ဒဏ်ရာရတဲ့အခါလည်း မမြင်ရတဲ့ အတွင်းပိုင်းနေရာတွေကို ဓာတ်မှန် ရိုက်ကြည့်ပြီး ကုသရတော့ ပိုအဆင်ပြေသွားတယ်” လို့ ပြောပါတယ်။
ပြည်သူနဲ့ ရဲဘော်တွေအတွက် PHO - Kalay ရဲ့ လက်ရှိ လည်ပတ်နေတဲ့ ကျန်းမာရေးကဏ္ဍမှာ ဓာတ်မှန်စက်တလုံးထားရှိပေးထားပြီး အသုံးပြုနေတယ်လို့ ကလေးပြည်သူ့ ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
ကလေးပြည်သူ့ဆေးရုံကို ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်က ကလေး PDF ရဲဘော်တွေ၊ CDM ဆရာဝန်တွေ၊ Medical အဖွဲ့တွေနဲ့ စုပေါင်းပြီး လွတ်မြောက်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။