အမေရိကန်နိုင်ငံကနေ ယူကရိန်းစစ်မြေပြင်အတွက် ထပ်မံပေးပို့မယ့် စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၈၀၀ တန် ပစ္စည်းတွေထဲမှာ အသစ်ပါဝင်တာကတော့ ဒရုန်းတိုက်ခိုက်ရေးယာဉ်ပျံ Phoenix Ghost 60 လို့ခေါ်တဲ့ လူမဲ့တိုက်ခိုက်ရေးစနစ် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ဧပြီ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။
အမေရိကန်လေတပ်က ဒီဇိုင်းဆွဲထားတဲ့ အဲဒီဒရုန်းဟာ လေထဲမှာ အလိုအလျောက် တနာရီကြာ ပျံသန်းနေနိုင်ပြီး စုံစမ်းထောက်လှမ်း စောင့်ကြည့်ရေးတွေအတွက် သုံးနိုင်တဲ့အပြင် အနီးတိုက်ခိုက်ရေးအတွက်လည်း အသုံးဝင်တယ်လို့ ဆိုပါတယ်။
အခုတခါပေးပို့မယ့် စစ်လက်နက်ပစ္စည်းထဲမှာ Ghost 60 စနစ် ၁၂၁ စုံမက ပါဝင်ဖို့ရှိပြီး သူ့ကို စစ်နည်းဗျူဟာမြောက် လူမဲ့ယာဉ်အဖြစ် ဖော်ပြပါတယ်။
ယူကရိန်းမှာ လက်ရှိသုံးစွဲနေတဲ့ ကာမီကာဇေ Switchblade စွယ်စုံသုံး ဒရုန်းဒုံးကျည်နဲ့ အလားတူ လက်နက်ဖြစ်ပြီး အမေရိကန်လေတပ်အတွက် Aevex Aerospace ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Phoenix Ghost 60 ဒရုန်းလက်နက်ဟာ ယူကရိန်းအရှေ့ဘက်ပိုင်း ဒွန်ဘတ်စ်ဒေသရဲ့ တောတောင်ရေမြေနဲ့ အနီးကပ်ဆုံး လိုက်ဖက်ညီတယ်လို့ ပင်တဂွန်အရာရှိတွေက ပြောပါတယ်။
အဲဒီ Ghost 60 ဒရုန်းလက်နက်အသစ်ဟာ ၁၄ အောင်စကနေ ၂ ပေါင်ထိ အလေးချိန်ရှိတဲ့ ဖောက်ခွဲရေး လက်နက်တွေလည်း သယ်ဆောင်သွားနိုင်ပြီး အမြင့်ပေ ၅၀၀ ကနေ ပေ ၁ သောင်းအထိ ပျံဝဲနိုင်တဲ့အပြင် ၄ ကီလိုမီတာအဝေးထိ ထိန်းချုပ်မောင်းနှင်နိုင်မယ်လို့ ကုမ္ပဏီအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။