မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် အစုအမြတ်ငွေ ပေးချေမှုကို ပြန်သုံးသပ်နေတယ်လို့ တောင်ကိုရီးယားရဲ့ Posco International ကော်ပိုရေးရှင်းက မတ်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီး တိုင်းပြည်ကို ထိန်းချုပ်နေတဲ့ စစ်ကောင်စီအတွက် ရန်ပုံငွေစီးဆင်းနေတာကို ကန့်သတ်နိုင်တဲ့ ဆောင်ရွက်ချက်တခုအနေနဲ့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုထားချက်တွေကို ဆောင်ရွက်ပေးဖို့ Posco International က သုံးသပ်နေပြီး အဲဒီထဲမှာ အမြတ်ငွေ ထုတ်ပေးတာကို ဆိုင်းငံ့လိုက်တာလည်း ပါဝင်နေတယ်လို့ Posco ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ဖြေကြားပါတယ်။
ကုမ္ပဏီအတွင်း ဆွေးနွေးမှုတွေက ရှုထောင့်အမျိုးမျိုးက ဖြစ်ပြီးတော့ စာချုပ်နဲ့သက်ဆိုင်တဲ့ကိစ္စတွေက အများကြီး ရှိနေလို့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ Posco International ဟာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံနှင့်သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) နဲ့ အိန္ဒိယအစိုးရ လက်အောက်က ကော်ပိုရေးရှင်းတခု ဖြစ်တဲ့ GAIL ကုမ္ပဏီတို့နဲအတူ သဘာဝဓာတ်ငွေ့စီမံကိန်း ၃ ခု ပေါင်းထားတဲ့ မြန်မာနိုင်ငံရဲ့ ရွှေဂက်စ်စီမံကိန်းမှာ အစုရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားတာပါ။
ဒါ့အပြင် တရုတ်ပြည်ကို သဘာဝဓာတ်ငွေ့ ပေးပို့တဲ့ ပိုက်လိုင်းမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။
Posco International ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပါအ၀င် ပြည်တွင်းသုံးစွဲမှုအတွက် ဓာတ်ငွေ့လုပ်ငန်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုတယ်၊ ကျန်တာတွေကတော့ တရုတ်ကို ပိုက်လိုင်းတွေကနေ ပေးပို့တယ် လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ တောင်းဆိုထားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
တောင်ကိုရီးယားနိုင်ငံအခြေစိုက် Posco သံမဏိလုပ်ငန်းဟာ နိုင်ငံတကာ သံမဏိဈေးမြင့်တက်နေတာနဲ့ တရုတ်နိုင်ငံမှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်တာတွေကြောင့် ၂၀၂၁ ပထမ ၃ လအတွင်းမှာ အမြတ်ငွေ ၂ ဆမြင့်တက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အလုပ်ဆက်လုပ်ဖို့ရှိတယ်လို့ ကြေညာပါတယ်။
တောင်ကိုရီးယားရဲ့ အကြီးမားဆုံး သံမဏိလုပ်ငန်းဖြစ်တဲ့ Posco ဟာ စစ်တပ်ပိုင် ဉီးပိုင်ကုမ္ပဏီနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Coating လုပ်ငန်းကိုတော့ ရပ်ဆိုင်းခဲ့တယ်လို့ ကြေညာထားပါတယ်။
Posco ဟာ မြန်မာ့ ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကအတွက် ပေးအပ်တဲ့ငွေတွေဟာ ဘဏ္ဏာရေးဝန်ကြီးဌာနကို ပေးအပ်ရတာဖြစ်ပြီး စစ်တပ်ကို ပေးရတာမဟုတ်ဘူးလို့ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို မြန်မာပြည်တွင်းဈေးကွက်ကို ထောက်ပံ့နေလို့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းဟာ မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအတွက်အရေးကြီးတယ်လို့ ဆိုပါတယ်။ Posco ကုမဏီဟာ မြန်မာ လျှပ်စစ်စွမ်းအင်လုပ်ငန်းဖြစ်တဲ့ RpIR နဲ့ နှစ်ပေါင်း ၂၀ လောက် တွဲဖက်လုပ်ကိုင်နေခဲ့ပြီး သဘာဝဓတ်ငွေ့အများစုဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ရောင်းချတာဖြစ်ပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ စစ်အစိုးရအတွက် အဓိကဝင်ငွေဖြစ်နေတာကြောင့် Posco ရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရပ်ဆိုင်းဖို့ တောင်းဆိုနေကြပါတယ်။
Posco ကုမဏီဟာ လုပ်ငန်းအမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ခွဲဝေပေးရပြီး ၂၀၁၈ ခုနှစ်တနှစ်တည်းမှာတင် ဒေါ်လာသန်းပေါင်း ၁၈၀ လောက်ရှိနေတယ်လို့ တောင်ကိုရီးယား အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ People’s Solidarity for Participatory Democracy အဖွဲ့က ထုတ်ပြန်ပါတယ်။
Posco ရဲ့ နိုင်ငံတကာကုမ္ပဏီခွဲဟာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကိုင်နေပြီး အမြတ်ငွေခွဲဝေမှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက နားလည်မှုလွဲချော်နေကြတယ်လို့ Posco ကုမဏီဘက်က တုံ့ပြန်ပါတယ်။
MOGE, Korea Gas Corp, India state gas company, အစရှိတဲ့ ကုမဏီပေါင်းများစွာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်ပြီး သဘောတူညီချက်အရ ငွေပေးချေမှုဟာ မြန်မာအစိုးရဘဏ်ထဲကို အလိုလျောက်ဝင်ရောက်သွားတာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး Jeong Joon-sung က ရင်းနှီးမြှုပ်နှံသူတွေနဲ့ အစည်းအဝေးမှာပြောပါတယ်။
မြန်မာစစ်ကောင်စီကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဉီးပိုင်လုပ်ငန်းနဲ့ လုပ်ငန်းတွေရပ်ဆိုင်းဖို့ကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။