မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာမှာ ဒေသခံပြည်သူတွေကို ပခုက္ကူခရိုင် တပ်ရင်း (၇၁၂) ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC) က အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ PPC ရဲ့ ပြင်ပဆက်ဆံရေးနဲ့ ဆေးဘက်ဆိုင်ရာတာဝန်ခံ ဗိုလ်သုတက ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ် ၂၆ ရက်က ရှားလှကျေးရွာမှာ ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေတဲ့သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တာလို့ ဆိုပါတယ်။
ကလေးငယ်တွေကို အရပ်နဲ့ ကိုယ်အလေးချိန်တိုင်းတာတွေ၊ ဒေသခံတွေကို သွေးချို/ ဆီးချို တိုင်းတာတွေနဲ့ သွေးစစ်တာတွေ လုပ်ပေးခဲ့တယ်လို့ ဗိုလ်သုတက ပြောပါတယ်။
“ရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ ယားနာရောဂါတွေနဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ လူနာ အယောက် ၆၀ လောက်ကို ငွေကြေးမယူဘဲ အခမဲ့ ဆေးကုသပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။”
ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC အနေနဲ့ ဆေးဝါးလိုအပ်ချက် အမြဲရှိနေပြီး သယ်ယူရတဲ့ လမ်းကြောင်းတွေ ခက်ခဲတဲ့ကြားက စနစ်တကျ စုဆောင်းနေရတာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း တောင်ချိုရွာမှာ ဩဂုတ် ၁၂ ရက်က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ထောင်စုတွေကို ပြည်သူ့စွမ်း အားတပ်ပေါင်းစု PPC က လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီအထောက်ပံ့တွေ ပေးအပ်ခဲ့ပါတယ်။
တောင်ချိုကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၉ လုံး၊ ဆန်၊ စပါး၊ ကြက်သွန်၊ မြေပဲတွေနဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးခဲ့တယ်လို့ NUG-MOD အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇)၊ တပ်ရင်း(၇၁၂) - ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC ရဲ့ ပြင်ပဆက်ဆံရေးနှင့်ဆေးဘက်ဆိုင်ရာ တာဝန်ခံသုတက ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်/အိမ်ထောင်စု ၁၉ စုအတွက် စိုက်ပျိုးမွေးမြူရေး စရိတ်အဖြစ် တအိမ်ထောင်ကို ၁ သိန်းခွဲကျပ်ဆီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ တတ်စွမ်းသလောက်ကူညီခဲ့တာဖြစ်ပြီး အခုထက် ပိုမိုထောက်ပံ့ကူညီပေးနိုင်ဖို့ မိမိတို့တတ်နိုင်သရွေ့ ပူပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။
ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာမှာ ဇူလိုင်ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ မနှင်းဝေရဲ့ မိသားစုကို ငွေ ၁ သိန်းကျပ် ထောက် ပံ့ပေးခဲ့သလို ပေါက်မြိုနယ်တောင်ပိုင်းက ပြည်သူပညာရေးကျောင်း တကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ကျန်းမာရေး စစ်ဆေးပေးကာ အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့ တယ်လို့ သိရပါတယ်။