close

PVTV

close

April 11, 2022

ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ တော်လှန်သင်္ကြန် ထုတ်လွှင့်မည်(ရုပ်သံ)

မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့က ဖျော်ဖြေကြမယ့် တော်လှန်သင်္ကြန်အငြိမ့်ကို ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

ဒီတင်ဆက်မှုကိုတော့ ဒီဗွီဘီ ရုပ်သံဌာနအပါအဝင် Dday channel ၊ PVtv နဲ့ တခြား တော်လှန်ရေးမီဒီယာတွေမှာ လာမယ့် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က စတင်ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း  ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲဘဲ အာဏာရှင်ကို ဆက်လက်ပြီး ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပြီး အမှန်တရားဘက်တော်သား အနုပညာရှင်တွေကလည်း ဒီသင်္ကြန်ပွဲကို ညီညီညာညာ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

ခုလိုအခြေအနေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေတာတွေကို ပြည်သူတွေက ဝေဖန်ကန့်ကွက်ဆန့်ကျင်နေကြတာတွေလည်း ရှိနေပြီး အကြမ်းဖက်စစ် ကောင်စီနဲ့ လက်တွဲပြီး အလိုကျလိုက်ပါ ဖျော်ဖြေနေတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကိုလည်း လူမှုပြစ်ဒဏ်ခတ် အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။

ဟာသလူရွှင်တော် တိုင်းကျော်၊ ပြည်ကျော်၊ တိုးကျော်၊ ဝိုင်းကျော်နဲ့ ပိုးလေးတို့ ပူးပေါင်းထားတဲ့ ဟားငါးကောင်အဖွဲ့ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရနဲ့ အန်အယ်လ်ဒီ အစိုးရတွေကို ပြက်လုံးတွေထုတ်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ကာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ ရှေ့တန်းကနေ အနုပညာအလုပ်တွေကို ဆက်လုပ်နေပြီး တော်လှန်ရေးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ခဲ့သလို ပြည်သူဘက်ကရပ်တဲ့ အနုပညာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

ဟားငါးကောင်အဖွဲ့ကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် တောထဲကို တိမ်းရှောင်လာရသလို လက်ရှိအချိန်မှာ လွတ်မြောက်နယ်ရဲ့ တနေရာမှာရှိပြီး အာဏာရှင်တော် လှန်ရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

8 mins Ago

March 31, 2022

မင်းသား ဒေါင်း ပါဝင်သရုပ်ဆောင်သည့် “တော်လှန်ရေးဆိုသည်မှာ...” ရုပ်သံစီးရီးစ် (နမူနာ)

သရုပ်ဆောင်မင်းသား ဒေါင်း၊ သွန်းသွန်းနဲ့ ခန့်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ “တော်လှန်ရေးဆိုသည်မှာ…” ရုပ်သံစီးရီးစ်ကို လာမယ့် ဧပြီ ၃ ရက်က စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ဒီစီးရီးစ်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PVTV တို့ ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီစီးရီးစ်မှာတော့ သရုပ်ဆောင် ဒေါင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဗိုလ်ကြီးစနေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ သူက သူ့ရဲ့ ရဲဘော်ရဲဘက် PDF တပ်သားတွေ လက်ရုံးရည်ပါမက နှလုံးရည်ပါ ပြည့်ဝစေဖို့ သူ ဖတ်မှတ်လေ့လာ သိရှိထားခဲ့တဲ့ ကမ္ဘာ့သမိုင်းထဲက တော်လှန်ရေးတွေအကြောင်း ရှားရှားပါးပါး အားလပ်ချိန်တွေမှာ ပြောပြဆွေးနွေးလေ့ရှိပါတယ်။

ညမှောင်မှောင် လရောင်အောက် မီးပုံနံဘေးက သူတို့တွေရဲ့ ဆွေးနွေးငြင်းခုံမှုတွေထဲမှာ… အင်ဒိုနီးရှားလက်အောက်ကနေ လွတ်လပ်ရေးကို အရယူခဲ့ကြတဲ့ အရှေ့တီမောပြည်သူတို့ရဲ့ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ခဲ့မှုတွေအကြောင်း… ရုရှားရဲ့ ကျူးကျော်စစ်ကို အစိုးရနဲ့ ပြည်သူလက်တွဲ နည်းပေါင်းစုံနဲ့ ခုခံတွန်းလှန်စစ်နွှဲနေကြတဲ့ ယူကရိန်းသားတွေရဲ့ ရဲစွမ်းသတ္တိတွေအကြောင်း… မူဆိုလီနီ ဦးဆောင်တဲ့ ဖက်ဆစ်စနစ်ကို ၂ နှစ်အတွင်း တွန်းလှန်နိုင်ခဲ့တဲ့ အီတလီက တော်လှန်ရေးအကြောင်း… ပြီးတော့… ခေတ်အဆက်ဆက် ဗိုလ်ကျကြီးစိုးခဲ့တဲ့ စစ်ဘီလူးတို့ရဲ့ခေတ်ကို အမြစ်ဖြတ်မယ့် မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းတွေ ပါဝင်တာမို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ထားပါတယ်။

2 weeks Ago
Up