အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG အစီအစဉ်ကို ဩဂုတ် ၂၀ ရက်နေ့မှာ ပထမအကြိမ် စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ဩဂုတ် ၂၅ ရက်မှာ ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မယ်လို့ Radio NUG Information Team တာဝန်ရှိသူက ဩဂုတ် ၂၄ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီက Radio NUG ကို တရားမဝင်ဘူးလို့ကြေညာထားသလို ပါဝင်ကူညီသူတွေကို လည်းအရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
စစ်ကောင်စီက သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေဖြတ်တောက်တာမျိုးလုပ်လာခဲ့ရင် ပြည်သူတွေသတင်းရနိုင်ဖို့ Radio NUG ကို စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး သတင်းအချက်အလက်တွေခိုင်မာအောင် သတင်းမီဒီယာတွေနဲ့ ပူး ပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။
Radio NUG Information Team တာဝန်ရှိသူတစ်ဦးက "တရားမဝင်တဲ့ စစ်ကောင်စီက တရားမဝင်ဘူးလို့ မပြောတာဟာ တရားဝင်တယ်လို့ပြောလိုက်သလိုပါပဲ။ ပြည်သူတွေက ဘယ်သူက တရားဝင်တယ်ဆိုတာကို သက်သေပြပြီးဖြစ်ပါတယ်။ သူတို့ပြောတာတွေအပေါ် ကျနော်တို့ NUG က ဘာမှ ဂရုစိုက်စရာမရှိပါဘူး။ နောက်ပိုင်းမှာ သတင်းတွေကိုအတည်ပြုနိုင်ဖို့ သတင်းမီဒီယာအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"လို့ ပြောပါတယ်။
Radio NUG ရဲ့ မိနစ် ၃၀ စာ အစီအစဉ်တွေကို မနက်တစ်ကြိမ် ညတစ်ကြိမ် စမ်းသပ်ကာလမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး လိုအပ်ရင် နေ့လည်ပိုင်းတစ်ချိန်ထပ်တိုးထုတ်လွှင့်ဖို့ရှိနေပါတယ်။
ဩဂုတ် ၂၀ ရက်နေ့မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့တုန်းက Radio NUG ရဲ့အစီအစဉ်တွေမှာ ပြည်သူ့အသံများများပါစေချင်တယ်လို့ နားထောင်သူတွေက ပြောပါတယ်။
Radio NUG Information Team တာဝန်ရှိသူ"စစ်ကောင်စီက သတင်းမီဒီယာတွေကို အကြမ်းဖက်ဖိနှိပ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်အလက်တွေပြတ်တောက်မသွားအောင် ရေဒီယိုကိုထုတ်လွှင့်ဖို့ကြိုးစားတာဖြစ်ပါတယ်။"
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းမီဒီယာတွေကို ဖိနှိပ်ခဲ့ပြီး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှာ အင်တာနက်ဖြတ်တောက်တာတွေ၊ ရုပ်သံသတင်းလိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ပြည်သူတွေသတင်းအချက်အလက်ရဖို့ခက်ခဲခဲ့ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ်ကို ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Radio NUG အစီအစဉ်စတင်ထုတ်လွှင့်တဲ့သတင်းကြောင့် ပြည်တွင်းမှာ ရေဒီယိုတွေလည်း ရောင်းကောင်းခဲ့ပါတယ်။
Radio NUG စမ်းသပ်ထုတ်လွှင့်မှု အစီအစဉ်ကို ခဏရပ်နားထားမှာဖြစ်ပြီး မကြာခင် ရက်အနည်းငယ်အတွင်း စမ်းသပ်ထုတ်လွှင့်မှုတွေ ပြန်လုပ်သွားမယ်လို့ NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG လို့အမည်ပေးထားတဲ့ လှိုင်းတို ရေဒီယိုအစီအစဉ်သစ်တစ်ခုကို ဩဂုတ် ၂၀ ရက် မနက် ၈ နာရီမှာ တစ််ကြိမ် ည ၈ နာရီမှာ တစ်ကြိမ် အောင်မြင်စွာစမ်းသပ်ထုတ်လွှင့်ပြီးနောက် ခဏရပ်နားထားလိုက်တာပါ။
အခက်အခဲ အတားအဆီးတွေကြားထဲက တင်ဆက်ကြရတာဖြစ်သလို ရေဒီယို အစီအစဉ်ကို ဖမ်းယူနားဆင်ကြတဲ့ ပြည်သူတွေရဲ့ အားပေးမှုနဲ့ ထိုက်တန်အောင် ပေးဆပ်ဖို့ ဆက်ကြိုးစားထားပေမဲ့ ဖမ်းယူနားဆင်ရာမှာ အဆင်မပြေချို့ယွင်းမှုတွေ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားပြီး ဒီထက်ပိုကောင်းအောင် ဆက်လက်ကြိုးစား နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ NUG အစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပြည်သူသို့ အသိပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး Radio NUG ကို ထုတ်လွှင့်တာလို့ ဆိုပါတယ်။
Radio NUG လှိုင်းတိုရေဒီယို အစီအစဉ်သစ် ထုတ်လွှင့်ဖို့သတင်းထွက်လာပြီးနောက် မြန်မာပြည်တွင်းမှာ ရေဒီယိုဝယ်ယူသူများလာတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့ Radio NUG ရေဒီယိုလိုင်းဟာ တရားဝင်ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုမဟုတ်ကြောင်းနဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်တာနဲ့ ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနဲ့ အညီ အရေးယူခံရမယ်လို့သတိပေးကြေညာထားပါတယ်။
ရေဒီယို NUG အစီအစဉ်ကို ထောက်ခံအားပေးပြီး ပြည်သူ့အသံများများပါစေချင်တယ်လို့ ပရိသတ်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ရေဒီယို NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီမှာ စတင်ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်ကို နိုင်ငံတဝှမ်းကပြည်သူတွေ ထောက်ခံအားပေးခဲ့ပါတယ်။
ရေဒီယို NUG အစီအစဉ်ကို စတင်စမ်းသပ်ထုတ်လွှင့်တာဖြစ်ပေမယ့် အသံကြည်လင်ပြတ်သားပြီး နားထောင်ရတာ အဆင်ပြေတယ်လို့ ဆိုကြပါတယ်။
ရေဒီယို NUG အစီအစဉ်ကနေတဆင့် သတင်းမှန်တွေကို ကျေးလက်ဒေသက ပြည်သူတွေဆီ ရောက်အောင်ပို့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။
မကွေးမြို့ခံပြည်သူတစ်ဦးက “ပြည်သူ့အသံတွေကို ဒီထက်ပိုပါဖို့ လိုတယ်။ သတင်းတွေမှာဆိုရင် ဖေ့စ်ဘွတ်ခ်က ကြေညာချက်တွေကို ဖတ်ပြရုံသက်သက်ထက်ပိုပြီး ဒေသခံအသံတွေပါရင် ပိုကောင်းမယ်။ ဒါမှမဟုတ်ရင် အစိုးရရဲ့ ဝါဒဖြန့်ရေးသက်သက်ပဲ ထားမှာလား။ ဒါဆိုလည်း ရတယ်။ သူတို့သဘောပေါ့။ တကယ်တမ်းပိုကောင်းတာက ရေဒီယိုဖြစ်တဲ့အတွက် ပြည်သူတွေအသံကို များများထည့်ဖို့လိုတယ်။ ကွာလတီပိုင်းအရတော့ ဘာမှပြောစရာမရှိဘူး။ အခြားတစ်ခု ပြောရမယ်ဆိုရင်တော့ ကဗျာရွတ်တာတွေက ဒီ့ထက်ပိုပြီးမာန်ပါဖို့လိုတယ်။ အမေးအဖြေကဏ္ဍတွေ ဘာတွေလည်း ထည့်ဖို့လိုတယ်။ ဒါကတော့ သူတို့အစမို့လို့ နေပါလိမ့်မယ်။ နောက်ပိုင်းကျရင်ထည့်မယ်လို့ထင်တယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာနေထိုင်တဲ့ ပြည်သူတစ်ယောက်ကတော့ ရေဒီယိုကနေတဆင့် NUG ဆီက သတင်းအချက်အလက် တိုက်ရိုက်ရနိုင်တဲ့အတွက် သတင်းတွေကို အတည်ပြုဖို့ ပိုအဆင်ပြေသွားတယ်လို့ ဆိုပါတယ်။
ရေဒီယို NUG က ဩဂုတ်လ ၂၀ရက်နေ့ကစပြီး အချိန်နာရီဝက်ကြာမြင့်မယ့် အစီအစဉ်ကို မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ရွှေဘိုမြို့ခံပြည်သူတစ်ဦးက “Welcome to Radio NUG လို့ ကြိုဆိုချင်ပါတယ်ဗျ။ NUG အဖွဲ့သားအားလုံး ကျန်းမာပါစေလို့ ပြောချင်ပါတယ်။ NUG က ထုတ်လွှင့်တဲ့ သတင်းတွေသာ ပြည်သူတွေအတွက် ကွန်ဖန်းဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ပြည်သူတွေအတွက် အမြဲတမ်းလုပ်ပေးနေတဲ့ NUG-အမျိုးသားညီညွတ်ရေးအစိုးရကို ကျနော်တို့ ပြည်သူလူထုကလည်း အများကြီး ကျေးဇူးတင်ပါတယ်။ NUG-အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျနော်တို့ ပြည်သူလူထု စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရမယ်လို့ ရဲရဲကြီးယုံပါတယ်” လို့ ပြောပါတယ်။
ရေဒီယို NUG အစီအစဉ်တွေကို လှိုင်းတိုမီတာ ၁၆/မက်ဂါဟဇ် ၁၇ ဒသမ ၇၁ ကနေ ဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံးထုတ်လွှင့်တဲ့ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းအစီအစဉ်မှာ သတင်းကဏ္ဍ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာတင်ပြချက်၊ ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာတင်ဆက်မှု၊ CDM တို့၏ အသံများကဏ္ဍနဲ့ PDF ဂုဏ်ပြုတေးသီချင်းတင်ဆက်မှုအစီအစဉ်တို့ ထုတ်လွှင့်ခဲ့ပါတယ်။