နိုင်ငံပေါင်း ၁၅ နိုင်ငံရဲ့ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) မှာ မြန်မာနိုင်ငံကို ထည့်သွင်းခွင့်ကို လက်ခံမှာ မဟုတ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီရိုဒိုရိုလော့ဂ်ဆင်ဂျူနီယာက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်မှာ မြန်မာနိုင်ငံပါဝင်မှုကို ပယ်ချဖို့ နယူးဇီလန်ရဲ့ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်နိုင်ငံက လိုက်နာခဲ့တာပါ။
လော့ဂ်ဆင်ဟာ မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရေး တောင်းဆိုရာမှာ ဒေသတွင်းမှာ ထုတ်ဖော်ပြောကြားဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး လာမယ့်လမှာ မြန်မာနိုင်ငံကို အာဆီယံ အထူးသံတမန် သွားရောက်မယ့်အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ အားလုံး ပါဝင်ရမှာ ဖြစ်သလို အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါကို ပါဝင်ရမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံဟာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးအဆက်အသွယ်တွေ အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီး ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို ချက်ချင်း လွှတ်ပေးဖို့နဲ့ အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် မြန်မာဗိုလ်ချုပ်တွေကို ခရီးသွားခြင်းကိုလည်း ပိတ်ပင်ထားပါတယ်။