မိုင်းဖုန်းဆရာတော်ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းကို မတ်လ ၁၄ ရက်နေ့မှာ ကြွရောက်ခဲ့ပြီး စည်းလုံးညီညွတ်မှုရှိဖို့ ငြိမ်းချမ်းရေးတရား ဟောကြားခဲ့ပါတယ်။
မိုင်းဖုန်းဆရာတော်ကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ အရာရှိနဲ့ စစ်သည်တွေ တပ်မိသားစုဝင်တွေနဲ့ နယ်စပ်စစ်ဘေးရှောင်ပြည်သူတွေက သွားရောက် ကြိုဆိုဖူးမြော်ခဲ့ပါတယ်။
ဆရာတော်ဟာ မနေ့က လွိုင်တိုင်းလျန်း ဝပ်လျန်းဟန်ကျောင်းတိုက်မှာ ၁ ကြိမ် ၊ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာလည်း စင်ထိုးထားတဲ့ကွင်းပြင်ကျယ်မှာ ၁ ကြိမ် တရားဟောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အချင်းချင်းမညီညွတ်မှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်နေကြောင်း၊ ဒါကြောင့် ရှမ်း ၊ ပအိုဝ်း၊ ဝ၊ ပလောင်၊ လားဟူ၊ လီစူးအစရှိတဲ့ တိုင်းရင်းသားချင်းချင်းတွေကြားထဲမှာလည်း တဦးကိုတဦး မေတ္တာတရားနဲ့ သင့်မြတ်စွာ ဆက်ဆံကြဖို့ ၊ ရှမ်းအဖွဲ့အစည်းတွေကြားထဲမှာလည်း သူ့အဖွဲ့ ကိုယ့်အဖွဲ့ မခွဲခြားဘဲ စည်းလုံးညီညွတ်မှုရှိဖို့ ဆရာတော်က ဟောကြားသွားပါတယ်။
မိုင်းဖုန်းဆရာတော်ဟာ ဒီမတိုင်ခင်ကလည်း ပအိုဝ်းဌာနေပြည်သူ့စစ်အဖွဲ့PNO ရဲ့နာယက ဦးအောင်ခမ်းထီထံကြွရောက်ပြီး ပအိုဝ်းစစ်သည်နဲ့ ပြည်သူတွေကိုလည်း တရား ဟောခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ UWSA တောင်ပိုင်းအဖွဲ့ ထိန်းချုပ်နယ်မြေ ဟွေ့အော့ကျေးရွာနဲ့ NDAA မိုင်းလား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ လွိုင်ပါခါး ၊ မွန့်ဇန် နဲ့ မွန့်ပန်နောင်တောင်ပေါ်ကိုလည်း ကြွချီပြီး ငြိမ်းချမ်းရေးစေတီ ထီးတော်တွေ တင်ပေးခဲ့ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ထဲမှာ ၃ နှစ် ၃ လ ၃ ရက်တိုင် ဂူအောင်းတရားအားထုတ်ခဲ့တဲ့ မိုင်းဖုန်းဆရာတော်ကြီး အရှင်ဉာဏသံဝရဟာ ဂူထဲက ထွက်လာပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ကျန်းမာရေးသွားကုသပြီး နယ်လှည့်သာသနာပြုလုပ်ငန်း တွေ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မြန်မာပြည်လွတ်လပ်ရေး ရယူခဲ့တာ နှစ်ပေါင်း ၇၅ နှစ် တင်းတင်းပြည့်ပေမယ့် မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က မေးခွန်းထုတ်လိုက်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်မှာ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့တွေ့ဆုံပွဲပထမနေ့မှာ RCSS ခေါင်းဆောင်ကပြောဆိုခဲ့တာဖြစ်ပြီး အန်စီအေ စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့လို့ ပြီးခဲ့တဲ့ ၇ နှစ်ကျော် အချိန်ကာလကို နှမြောမိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
“အနာဂတ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အတိတ်ကာလက အမှားတွေကို သင်ခန်းစာယူပြီး အမှန်သို့ရောက်အောင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ လွတ်လပ်ရေး ရယူခဲ့တာ နှစ်ပေါင်း (၇၅) တင်းတင်းပြည့်ပေမယ့် မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲ၊ အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲ၊ ဒါတွေကို သေသေချာချာ ပြန်လည်သုံးသပ်ပြီး သဘာဝအရှိ တရားနဲ့ ၁၉၄၇ ပင်လုံစာချုပ်နဲ့အညီ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်မှသာ အားလုံး လိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါ တယ်။”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တဖက်နဲ့တဖက် အသာစီး အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win Win Solution ဖြစ်ရေး၊ အားလုံးနဲ့တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး၊ လိုအပ်သလို တဖက်နဲ့တဖက် အလျှော့အတင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိပြီး အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့လည်း ပြောကြားသွားပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေတာဖြစ်ပြီး ၃ ရက်ကြာ ဆွေးနွေးကြဖို့ရှိနေတာပါ။
မနေ့က ဆွေးနွေးပွဲ ပထမနေ့မှာ ပြီးခဲ့တဲ့ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတုန်းက မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးရမယ့်ကိစ္စတွေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ဒုတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ကျင်းပနေပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီဟာ တိုက်ပွဲတွေမဖြစ်တော့တာ ဆယ်စုနှစ်တွေနဲ့ချီနေပြီဖြစ်တဲ့ EAO အဖွဲ့တချို့နဲ့ နေပြည်တော်မှာ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံဆွေးနွေးနေတာဖြစ်ပြီး လတ်လောတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ရခိုင် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ဆွေးနွေးတာမရှိပါဘူး။