close

RDT Test kits

close

July 9, 2021

ဝါးခယ်မတွင် ကိုဗစ်သံသယလူနာများကို ရောဂါပိုး စစ်မပေးတော့

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ သံသယလူနာတွေကို ရောဂါပိုး ရှိ မရှိ စစ်မပေးတော့ဘဲ အိမ်မှာနေထိုင်ခိုင်းတာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

အနံ့ပျောက်လူဦးရေများလာပြီး ရောဂါပိုးစစ်ဆေးဖို့ RDT Test kits မလုံလောက်တော့တာကြောင့် သံသယလူနာတွေကို အိမ်မှာ ၁၀ ရက်နေထိုင်ခိုင်းတာလို့ ဆရာဝန် ၁ ဦးက ပြောပါတယ်။

"စစ်ပေးဖို့အတွက် ပစ္စည်းမလုံလောက်တော့တာကြောင့် အရေးကြီးတဲ့ လူနာတွေကို စစ်ပေးဖို့ချန်ထားတာပါ၊ အားလုံးကို မစစ်ပေးတော့တာမဟုတ်ဘူး အခြေအနေဆိုးရွာတဲ့ လူနာတွေအတွက် သုံးဖို့ချန်လိုက်တဲ့ သဘောပါ'' လို့ ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားချိန်မှာ စစ်ကောင်စီက ရောဂါပိုးစစ်ဖို့အတွက် RDT Test Kits အခုရေ ၁၃၀ သာပေးထားပြီး ရောဂါပိုးတွေ့ရှိသူများလာပြီး စစ်ဆေးရတဲ့ အရေအတွက် များလာလို့ စစ်ဆေးဖို့ မလုံလောက်တော့တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် အတည်ပြုလူနာတွေနဲ့ ထိစပ်မိတဲ့ သံသယလူနာတွေကိုလည်း ရောဂါပိုးစစ်မပေးတော့ဘဲ အိမ်မှာ ၁၀ ရက်နေထိုင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဝါးခယ်မမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဇူလိုင်လ ၈ ရက်နေ့ထိ စာရင်းတွေအရ အတည်ပြုလူနာ ၅၀ ကျော်ရှိကာ သေဆုံးသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။

12 hours Ago
Up