မြန်မာအလွတ်တန်းသတင်းထောက် မသူဇာကို နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီးနောက် မီဒီယာသမားတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ရပ်တန့်သွားအောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာကို ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် မသူဇာဟာ စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့တည်းက ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အလှလေးသူဇာ ခေါ် မသူဇာဟာ အမိန့်မချမီ ထောင်တွင်းမှာ ၁၅ လကြာလောက် ဖမ်းဆီးခံထားခဲ့ရတာဖြစ်ပါတယ်။
ပြင်သစ်အခြေစိုက် RSFအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသတာဝန်ခံ ဒန်နီယယ်ဘတ်စတာ့ဒ်က“မသူဇာကို မတရားဖမ်းဆီးပြီး စိတ်ကူးတည့်ရာ ပုဒ်မတွေနဲ့ အမိန့်ချလိုက်တဲ့ လုပ်ရပ်ဟာ မီဒီယာသမားတွေအပေါ်မှာ မြန်မာစစ်ကောင်ရဲ့ အကြမ်းဖက်မှုတွေကို သာမန်ဖြစ်ရပ်တစ်ခုလို လုပ်ပြလိုက်တဲ့ နောက်ထပ်သာဓကတစ်ခုပါပဲ။ သတင်းထောက်တွေကို သူတို့အပိုင်လိုသ ဘောထားပြီး လုပ်ချင်တိုင်း လုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို နောက်ထပ်ဒီလိုမလုပ်နိုင်အောင် ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့ဖိအားပေးမှုတွေဆောင်ရွက်သွားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကို ကျနော်တို့ဆက်သွယ်ပြီး တောင်းဆိုခဲ့ပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။
တိုရူကူဘူတာကိုတော့ ပြန်လွှတ်ပြီးပြီးချင်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာသတင်းထောက် ၅ ဦးအပေါ် သူတို့ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကိုအပြီးတိုင် ပြန်လည်ရုပ်သိမ်းလိုက်တာမျိုး မဟုတ်တာကြောင့် စစ်ခေါင်းဆောင်တွေ စိတ်ကူးပေါက်သလို အလွယ်တကူပြန်လည် အဖမ်းခံရနိုင်ခြေလည်းရှိတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဆက်လက်ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၆၁ ဦးရှိနေတာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ သတင်းထောက်တွေရဲ့အရေအတွက်ဟာ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာဖြစ်တယ်လို့ ဆိုပါတယ်။
မီဒီယာသမားတွေကိုဖမ်းဆီးမှုမှတ်တမ်းမှာ တရုတ်နိုင်ငံဟာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယမြောက်ဖြစ်တယ်လို့ RSF က ပြောပါတယ်။
RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။
Photo-RSF
ကမ္ဘာတဝန်း ဂျာနယ်လစ်တွေပေါ် ခြိမ်းခြောက်မှုတွေဟာ လတ်တလောနှစ်တွေမှာ ပိုပြီး အမျိုးအစားစုံလာတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က သတိပေးလိုက်ပါတယ်။
မီဒီယာ လွတ်လပ်ခွင့်ကို ခုခံကာကွယ်ရာမှာ ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ (RSF)ဟာ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ထောက်ကူအားပေးသူပါ။ အခြေခံ လူ့အခွင့်အရေးဟာ အကြောင်းကြားခံရဖို့နဲ့ သူတပါးကို ပြန်အကြောင်းကြားနိုင်ဖို့လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။
လွတ်လပ်တဲ့အပြုအမူနဲ့ မတူခြားနားတဲ့ အမြင်တွေကို စွဲကိုင်ထားတဲ့ သတင်းထောက်တွေကို သူတို့က ကာကွယ်နေတယ်လို့ (RSF) က ပြောပါတယ်။
ဘဲလာရုစ်၊ မြန်မာ၊ အမေရိကန်နဲ့ တူရကီနိုင်ငံတွေအပါအဝင် နိုင်ငံအသီးသီးက စာနယ်ဇင်း လွတ်လပ်ခွင့်အတွက်ကိုလဲ ဆော်သြခဲ့ပါတယ်။
ကမ္ဘာတဝန်း သတင်းထောက် အယောက် ၃၀၀ ကျော်ထောင်ချခံထားရတယ်လို့လည်း (RSF)ရဲ့ ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အရင်ကအာဏာရှင်ဆန်တဲ့ စစ်အစိုးရတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကြီးဆုံး ချိုးဖောက်သူတွေ ဖြစ်ခဲ့ကြတယ် ဒီနေ့မှာတော့ မာဖီးယား ဂိုဏ်းတွေ၊ အစွန်းရောက် အုပ်စုတွေနဲ့ တချို့ လှုပ်ရှားမှုတွေဟာ သတင်းထောက်တွေကို ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“နာမည်ဖော်ထုတ်ပြီး အရှက်ရစေတဲ့ ဗျူဟာက မလုံလောက် တော့ဘူး။ မီဒီယာဖော်ပြချက်ရဲ့ ဖိအားနဲ့ မလုံလောက်တော့ဘူး။ ဒါကြောင့် ကျနော်တို့ တိုက်ရိုက်ညှိုနှိုင်းတဲ့ ဗျူဟာသစ်ကို စကျင့်သုံးနေပြီ။ ကျနော်တို့ဟာ လူဆိုးတွေနဲ့ပါ အဆက်အသွယ်ရှိ လာပြီး ဆွေးနွေးလာခဲ့ရတယ်”လို့ ညွှန်ချုပ်စရစ်စတော့ဖ် ဒေလွိုင်ရေကပြောပါတယ်။
စာနယ်ဇင်းပညာသာ မရှိရင် သဘောထားတွေ ထုတ်ဖော်ပြော ဆိုချက်တွေအတွက် ဘယ်လိုလွတ်လပ်ခွင့်မှရှိမှာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။
RSF ဟာ ရိုက်တာသတင်းဌာနက သတင်းထောက် မြန်မာနိုင်ငံသား ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ မာလီနိုင်ငံက ဘာသာရေးစစ်ဝါဒီတွေ ဖမ်းတာခံရတဲ့ ပြင်သစ် သတင်းထောက်နဲ့ ဘဲလာရုစ် အတိုက်အခံ ဘလော့ဂါတို့ကို ပြန်လွှတ်ပေးဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။
မတ်လမှာတော့ ဆော်ဒီအာရေဗျ အိမ်ရှေ့စံ မင်းသားနဲ့ ခေါင်းဆောင်တွေက သတင်းထောက် ဂျမဲလ် ခက်ရှားဂျီကို သတ်ဖြတ်မှုအတွက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားရုံးမှာ လျှောက်ထား အမှုဖွင့်ခဲ့ပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်လှုပ်ရှားဆောင်ရွက်နေတဲ့ (RSF) အဖွဲ့ဟာ ၂၀၂၁ ဒီနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ၁၁သိန်းကျော်နဲ့ ညီမျှတဲ့ ဆွီဒင် ခရောင်းငွေ ဆယ်သန်းရမှာ ဖြစ်ပြီး ဆုရှင်ကို အောက်တိုဘာ ၈ရက်မှာ ကြေညာမှာဖြစ်ပါတယ်။