close

S M A T H

close

August 17, 2021

ရွှေဘိုမြို့ စည်ပင်ရုံးကို S M A T H အဖွဲ့ ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့နယ်စည်ပင်သာယာရုံးကို ဩဂုတ် ၁၆ ရက် ည ၈ နာရီကျော်ကျော်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Shwebo Mine Action Team Hawk(SMATH) အဖွဲ့က ထုတ်ပြန်ပါတယ်။

ရွှေဘို မြို့မဈေးကြီး မီးလောင်မှုမှာ မြို့နယ်စည်ပင်အနေနဲ့ ပါဝင်ပတ်သက်မှုရှိခဲ့လို့ အခုလို လက်တုံ့ပြန်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွှေဘိုမြို့ကို လူမဆန်စွာ ပြုမူခဲ့သူအားလုံးကို အချိန်ကောင်းယူ အဆက်မပြတ်တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒလန်လုပ်နေသူတွေကိုလည်း ရှင်းလင်းသုတ်သင်သွားမယ်လို့ ကြေညာချက်မှာ ဆိုထားပါတယ်။

Shwebo Mine Action Team Hawk(SMATH) အဖွဲ့ဟာ ဩဂုတ် ၁၂ ရက်နေ့ ရက်စွဲနဲ့ မြို့နယ်အတွင်းက ပြည်သူလူထုကို ဖောက်ခွဲရေးလုပ်ငန်းတွေ အရှိန်မြှင့်တော့မှာဖြစ်လို့ စစ်ကောင်စီကို သတင်းပေး ကူညီထောက်ပံ့ခြင်းမပြုဖို့၊ လူပြတ်လပ်တဲ့နေရာမှာ တစ်ယောက်တည်း မသွားကြဖို့နဲ့ စစ်ယာဉ်တန်းနောက်ကို ကပ်မလိုက်ကြဖို့၊ တပ်စွဲထားတဲ့ နေရာတွေမှာ သွားလာခြင်းမပြုလုပ်ကြဖို့ သတိပေးထားပြီး လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် ပြဿနာကို တာဝန်ယူဖြေရှင်းမှာ မဟုတ်ဘူးလို့ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

SMATH အဖွဲ့ကို ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီရဲ့ လုပ်ငန်းတွေ၊ ကူညီထောက်ပံ့နေသူတွေ၊ လည်ပတ်​‌နေတဲ့ရုံးတွေ ရပ်တန့်သွားစေဖို့ လူမှုဖူလုံ​ရေးရုံး အပါအဝင် ဒလန်နဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေကို ဖောက်ခွဲရေး‌လုပ်ငန်းတွေ လုပ်ထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ်စည်ပင်ရုံး ဗုံးခွဲခံရလို့ ထိခိုက်ပျက်စီး ဒဏ်ရာရ ရှိ၊ မရှိ DVB က အတည်ပြုလို့ မရသေးပါဘူး။

2 mins Ago
Up