တိုက်ပွဲကာလတွေအတွင်း စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်ဆိုတာ အမှန်ဖြစ်ပေမဲ့ Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တတန်းစားတည်း ဖော်ပြတာဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တော်လှန်ရေးအင်အားစုတွေအပေါ် အထင်အမြင်လွဲမှားစေနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဘောထား ထုတ်ပြန်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA)က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးအပေါ် တိုက်ခိုက်မှုတွေနဲ့ စစ်ရေးအရ အသုံးပြုမှုတွေရဲ့ သက်ရောက်မှုများ အစီရင်ခံစာနဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ Save the Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် NUG ပညာရေးဝန်ကြီးဌာန အပါဝင် ဝန်ကြီးဌာနက ၃ ခုက သဘောထားထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုက စာသင်ကျောင်းတွေဟာ အကြိမ်ပေါင်း ၁၉၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးချနေတယ်လို့ ပညာရေးကို တိုက်ခိုက်မှုများမှကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GCPEA)ရဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ် အစီရင်ခံစာမှာဖော်ပြပါတယ်။
အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲတာ၊ အချုပ်ခန်းအဖြစ်အသုံးပြုတာ၊ လက်နက်တွေ သိုလှောင်သိမ်းဆည်းတာနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပြီး စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေကို စစ်ရေးအတွက် အသုံးချနေတာကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး NUG အစိုးရကတော့ တော်လှန်ရေးအင်အားစုတွေ ကျူးလွန်မှု ရှိနိုင်တာကို အသိအမှတ်ပြုပေမဲ့ တာဝန်ခံမှုကို ဖော်ဆောင်နေတာကြောင့် မတူညီတဲ့ ကျူးလွန်မှု အတိုင်းအတာနှစ်ခုကို ထပ်တူပြုဖော်ပြခြင်းဟာ အင်မတန် အန္တရာယ်များပြီး၊ မြန်မာပြည်သူတွေရဲ့ အာဏာရှင်စနစ်ကို တွန်းလှန်မှု၊ ဖက်ဒရယ် ဒီမိုကရေစီအရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ သဘောပေါက်နားလည်မှုကို လွဲမှားစေသည့် ပုံဖော်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုကျူးလွန်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေး (Right to Education) ချိုးဖောက်မှုများ၊ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေဟာ စနစ်တကျ၊ ကျယ်ပြန့်ပြီး၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။
လက်တွေ့ မြေပြင်မှာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ကောင်စီရဲ့လက်ချက်သာ ဖြစ်တယ်လို့ PDF၊ CDF အဖွဲ့တွေက တုံ့ပြန်ပြောဆိုပါတယ်။
တိုက်ပွဲကာလတွေအတွင်း စာသင်ကျောင်းတွေထိခိုက်တာ အမှန်ဖြစ်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ တပ်စွဲတာတွေကို စစ်ကောင်စီကသာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်း၊ ခင်ဦးဒေသခံ၊ CDM ပညာရေးဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂ဝ နဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ပညာရေးဆိုင်ရာ အဆောက်အဦတွေကို တိုက်ခိုက်တာအပြင် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်တို့က အသုံးချခဲ့တဲ့ အဖြစ်အပျက်ပေါင်း အနည်းဆုံး အကြိမ်ရေ ၄၅ဝ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ GCPEA က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီ မေလကုန် ဇွန်လဆန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီတို့ဟာ ပညာရေးစနစ်တွေကို အပြိုင်အသက်သွင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ မြေပြင် စစ်ရေးမတည်ငြိမ်တာ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းနေတာတွေကြောင့် ပညာရေးစနစ် ၂ ခုစလုံးဟာ ထိရောက်မှုမရှိခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စာသင်ခန်းပြင်ပ ရောက်ရှိသွားတဲ့ ကျောင်းနေအရွယ် ကလေးဦးရေက နှစ်ဆကျော်အထိ မြင့်တက်သွားတယ်လို့ Save the Children အဖွဲ့အစည်းက ဇွန် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အကြောင်းရင်းကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါနဲ့ အတူ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နိုင်ငံတဝန်းရှိ ကျောင်းနေအရွယ် ကလေးသူငယ်တွေရဲ့ ထက်ဝက်လောက်ဟာ ပုံမှန် သင်ကြားမှုစနစ်အောက်ကနေ ကင်းကွာခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် ကျောင်းတွေ၊ သင်ကြားရေးပိုင်းမှ ဆရာတွေနဲ့အတူ ကျောင်းသားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုက ပြီးခဲ့တဲ့နှစ်မှာ ပြင်းထန်ခဲ့တဲ့အတွက် အများစုက စာသင်ခန်းတွေဆီ ပြန်လာဖို့ ကြောက်ရွံ့နေရတယ်လို့ Save the Children အဖွဲ့အစည်းက ဆိုပါတယ်။
ဒီ့အတွက်ကြောင့် ကျောင်းတွေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို အချိန်တိုင်းမှာ အကာအကွယ် ပေးကြဖို့ Save the Children အဖွဲ့အစည်းက တောင်းဆိုထားပါတယ်။
တိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သတ်ပြီး Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အခုနှစ် ဧပြီ မှ မေလ အထိ နှစ်လတာကာလ အတွင်းမှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုက အကြိမ် ၂၆၀ အနည်းဆုံး ရှိခဲ့ပြီး စာသင်ကျောင်း အဆောက်အအုံ အနီး ပေါက်ကွဲမှုက အကြိမ် ၁၉၀ ခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အနီးစပ်ဆုံးပြန်ကြည့်ရင် အခုနှစ် ဧပြီလအတွင်းမှာ စာသင်ကျောင်း ဒါမှမဟုတ် ပညာရေးမှူးရုံး ၄ နေရာတို့မှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ စာသင်ကျောင်းနဲ့ အင်မတန်နီးကပ်တဲ့ ဝန်းကျင်မှာ ပေါက်ကွဲမှုကလည်း ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် အချက်အလက်မှတ်တမ်းတွေအရ စာသင်ကျောင်း ဒါမှမဟုတ် ပညာရေးမှူးရုံးတွေမှာ မီးလောင်မှုက ၃၃ ကြိမ် ရှိခဲ့ပြီး သင်ကြားရေးပိုင်းမှ ဆရာတွေ အပါအဝင် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၀ ဦးတို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ Save the Children အဖွဲ့အစည်းက ဆိုပါတယ်။
Save the Children အဖွဲ့အစည်းမှ ပညာရေးဆိုင်ရာမူဝါဒနှင့်အကြံပေးအရာရှိ အမ်မာဝဂ္ဂနာ က “ကျောင်းနေအရွယ် ကလေးတော်တော်များများ စာသင်ခန်းနဲ့ ကင်းကွာနေရတယ် ဆိုတဲ့အချက်ဟာ အင်မတန်မျှ တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကို သေသေချာချာ စဉ်းစားကြည့်ရင် သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါက ကျောင်းနေအရွယ်ကလေးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ပညာရေးစနစ်ဆီ ရောက်ရှိဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ ဒီရလဒ်ကနေ ကျနော်တို့ စောစီးစွာ သိရှိစေခဲ့တဲ့ အချက် တချက် ရှိပါတယ်။ ဒါကတော့ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ကျောင်းထွက်ခဲ့ရပြီးနောက် လုပ်ငန်းခွင်ထဲ ရောက်ရှိခဲ့ ရတဲ့ ကလေး လုပ်သား အပါအဝင် အရွယ်မရောက်သေးဘဲ အိမ်ထောင်ကျခဲ့ရတဲ့ ကလေးအရေအတွက်တွေကို လျှော့ကျဖို့ ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေက တိုင်းပြည်အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေဖြစ်ပေါ်လာအောင် ပံ့ပိုးပေးထားသလိုရှိနေပြီး စာသင်ခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကလည်း အနာဂတ် မြန်မာမျိုးဆက်သစ် လူငယ်တွေရဲ့ သင်ကြားမှုဆိုင်ရာ အခွင့်အလ◌မ်းတွေကို ပျက်စီးဆုံးရှုံး စေရာရောက်စေကြောင်းနဲ့ ဒါမျိုးကို လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို အခုချက်ချင်း အဆုံးသတ်ဖို့လည်း အမ်မာဝဂ္ဂနာက ပြောပါတယ် ။
ဒါကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကြောင့် အနာဂတ် မြန်မာလူငယ်တွေရဲ့ အရေးကို အကာအကွယ်ပေးဖို့နဲ့ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် အာဆီယံအဖွဲ့ကိုလည်း Save the Children က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စာသင်နှစ် တနှစ်ရဲ့ အစ ပထမဆုံးရက်အဖြစ် ဇွန် ၁ ရက်နေ့လို့ သတ်မှတ်ခဲ့ပေမဲ့ အခုနှစ်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ဇွန် ၂ ရက်မှာ စတင်ဖွင့်လှစ်ဖို့ ကျောင်းအပ်လက်ခံနေပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ အခြေခံပညာ ကျောင်းအပ်နှံတဲ့ ကျောင်းသား ကျောင်းသူ အရေအတွက် ၅ ဒသမ ၂ သန်းကျော်ရှိပြီလို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။