စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) တွေ ပူးပေါင်းထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်၊ ပင်လည်ဘူး၊ ဟုမ္မလင်း လမ်းဆုံနေရာနဲ့ ကြောင်လည်ရွာပတ်ဝန်းကျင်ဒေသကို စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
SNA နဲ့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို မတ်လ ဒုတိယပတ်လောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေပါ အင်အားဖြည့်တင်းကာ နေ့တိုင်း ထိတွေ့တိုက်ပွဲဖြစ်နေကာ လေကြောင်းပစ်ကူတွေပါ ပါဝင်လာတယ်လို့ ဆိုပါတယ်။
PDF နဲ့ နီးစပ်သူတဦးက “SNA နဲ့ ဖြစ်တာကတော့ တလလောက်ရှိလာပြီ။ ကိုယ်က နောက်ဆုတ်လိုက်၊ သူက နေရာယူလိုက်၊ ကိုယ်ကပြန်တိုက်လိုက်နဲ့ ဖြစ်နေတာ။ အခု လွန်ခဲ့တဲ့တပတ်လောက်က စတင်ပြီးတော့ စကစတွေနဲ့ပေါင်းပြီး သူတို့ဆုံးရှုံးလိုက်တဲ့ နေရာတွေကို အင်အားအများအပြားနဲ့ တိုက်ခိုက်နေတယ်။ လေကြောင်းနဲ့ကော ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာကိုကော၊ တိုက်ပွဲမရှိတဲ့နေရာတွေကိုကော ဗုံးကြဲတာ သုံးကြိမ်ရှိသွားပြီ။”
စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်က တကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို မတ်လ ၂၆ ရက်မှာလည်း ကြောင်လည်ပတ်ဝန်းကျင်မှာ သုံးနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ၂၉ ရက်နေ့မှာလည်း ၁၀ လုံးထက်မနည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ သိရပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကြောင်လည်ဒေသဟာ အရင်က SNA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ဝက်ခန့်ကစတင်ပြီး ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်ချုပ်ခဲ့တာကြောင့် SNA နဲ့ စစ်ကောင်စီတပ်တွေအတွက် နယ်မြေစိုးမိုးရေးနဲ့ ရိက္ခာထောက်ပံ့ရေး အခက်အခဲဖြစ်တာကြောင့် အခုလို ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“နှစ်ဝက်လောက်ရှိပြီ၊ အဲဒီဘက်တကြောကို အရင်ကတော့ SNA စိုးမိုးတာပေါ့။ အဲဒါကို ပြန်သိမ်းပိုက်ထားတာ။ ကျနော်တို့ ထိန်းချုပ်ထားတာ ကြာလာတော့ သူတို့ နယ်မြေစိုးမိုးဖို့ ခက်တာ၊ ရိက္ခာလမ်းကြောင်းတွေ ပြတ်ကုန်တော့ အခုက စကစနဲ့ပေါင်းပြီး ပြန်တိုက်လာတာပါ။”
SNA နဲ့ လာရောက်ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းကို အယောင်ပြပြီး အနောက်ခြမ်းကို တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှု များသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ကြောင်လည်ရွာအပြင် ကျေးရွာ ၃ ရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်(SNA)ပူးပေါင်းတပ်တွေဟာ နိုဝင်ဘာ ၁၁ ရက်ကစတင်ပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး PDF တပ်တွေက နနန်းနယ်မြေ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းမိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်(ဟုမ္မလင်း)ရဲ့ တာဝန်ရှိသူက“ပင်ခုတ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ကျော်သေတယ်။ နနန်းနယ်မြေရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း နှစ်လောင်းကို ကျနော်တို့တွေ့တယ်။ ပုရစ်ဖာနိုင်းမစ်ရှင်ကတော့ သူတို့ ၇ ယောက်သေတယ်လို့သိရတယ်။ နနန်းတိုက်ပွဲမှာက စက်လက်တစ်လက်နဲ့ ဂျီသရီး ဂျီဖိုး ရိုက်ဖယ်တစ်လက်ရယ် ဆက်သွယ်ရေးစက်တွေရရှိတယ်။ ပုရစ်ဖာနိုင်းတိုက်ပွဲမှာက အမ်တူးကာ ဘိုင် ၂၇ လက် ကျည်ဆန်ကတော့ အားလုံး ၂၀၀၀ ကျော်ရရှိပါတယ်။”လို့ပြောပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေကို ပစ်ခတ်မှု မလုပ်ချင်တဲ့အကြောင်းနဲ့ အဓိက စစ်ရေးပစ်မှတ်ဟာ စစ်ကောင်စီတပ်တွေသာဖြစ်တယ်လို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဘက်က ပြောပါတယ်။
ဟုမ္မလင်း PDFတာဝန်ရှိသူက“ဒီမှာပြောချင်တာက SNA ရှမ်းနီတပ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်း နေလို့ ထိပ်တိုက်တွေ့ရတယ်ဖြစ်တယ်။ ကျနော်တို့ ရဲ့ စစ်ရေးပစ်မှတ်က ရှမ်းနီအမျိုးသားများတပ်မတော် SNA မ ဟုတ်ဘူး အကြမ်း ဖက်စစ်ကောင်စီဖြစ်တယ်။ လူမျိုးအချင်းချင်းပြန်တာမျိုးမဖြစ်ချင်ဘူး။ ဒီတော့ SNA အနေနဲ့ NUG နဲ့ လမ်း ကြောင်းတစ်ခု ဖွင့်ပြီးဆွေးနွေးစေချင်တယ်။” လို့ ဆိုပါတယ်။
ခန္တီးခရိုင်အတွင်မှာရှိတဲ့ PDF တပ်ရင်းတွေဟာ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေနဲ့ အများဆုံးစုဖွဲ့ထားတာဖြစ်ပေမယ့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ကဖြစ်တာကြောင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံဘဲ စစ်မှန် တဲ့ ဖဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေ တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှမ်းနီတိုင်းရင်းသားတစ်ဦးက “ရှမ်နီးလူထုဟာလည်း တခြားတိုင်းရင်းသားတွေလိုပဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်လိုတဲ့ ရည်မှန်းချက်အာသီသ ပြင်းပြတယ်လို့ သိရပါတယ်။ အခုကျနော်တို့ သွားနေတာကလည်း စစ်မှန်တဲ့ ရှမ်းနီလူထုတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းပဲဖြစ်တယ်။ ရှမ်းနီးလူထုနဲ့ လမ်းချင်းအတူတူပဲ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပင်ခုတ်ရွာက နေအိမ် ၂ လုံးပျက်စီးပြီး လူနာတင်ကား ၁ စီး ပျက်စီးကာ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဟုမ္မလင်းPDFထုတ်ပြန်ထားပါတယ်။
SNA ရှမ်းနီအမျိုးသားတပ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုတဲ့အပေါ် SNA ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက မီဒီယာတွေကို ငြင်းဆိုထားပါတယ်။