close

Soldier Cat

close

June 25, 2022

တော်လှန်ရေးအင်အားစုများအတွက် Soldier Cat အဖွဲ့က ကျပ်သိန်း ၈၀၀ ကျော်ထောက်ပံ့

မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုတွေအတွက် Soldier Cat - ထောက်ပို့အဖွဲ့က အခုလအတွင်း ကျပ်သိန်း ၈၀၀ ကျော်ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Soldier Cat - ထောက်ပို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ပံ့ကူညီမှု မရရှိတဲ့၊ အထောက်ပံ့အပံ့ရရှိမှု နည်းပါးတဲ့ ဒေသကာကွယ်ရေး Local Defense Force တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် LDF ရဲဘော်တွေက စတင်ဖွဲ့ စည်းပြီး ကူညီထောက်ပံ့နိုင်ရေးအတွက် စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသကာကွယ်ရေး ရဲဘော်တွေအတွက် ထောက်ပံ့ကူညီတာ၊ တိုက်ပွဲအတွင်း ဆေးဝါးကုသရေးအတွက် ထောက်ပံ့ကူညီတာ၊ ဒေသာကာကွယ်ရေး ရဲဘော်တွေအတွက် ရိက္ခာထောက်ပံ့ကူညီတာ၊ အရေးပေါ်စစ်ဘေးရှောင် စခန်းတွေကို ထောက်ပံ့ကူညီတာတွေနဲ့ မြို့ပြရဲဘော် (UG) တွေအတွက် ထောက်ပံ့ ကူညီတာတွေကို ရန်ပုံငွေရှာဖွေပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

2 mins Ago
Up