close

Stinger

close

March 24, 2022

ရုရှားတိုက်လေယာဉ်နှင့် ဟယ်လီကော်ပတာများကို ပစ်ချနေသည့် စတင်ဂါ ပခုံးထမ်းဒုံးကျည်

ထောင်နဲ့ချီတဲ့ ခေတ်မီတိုက်လေယာဉ်နဲ့ စစ်သုံး ဟယ်လီကော်ပတာတွေ ပိုင်ဆိုင်ထားတဲ့ ရုရှားစစ်တပ်ဟာ သူ့ထက် လေတပ်အင်အား ဆယ်ဆလောက်အားနည်းတဲ့ ယူကရိန်းကောင်းကင်ကို အလွယ်တကူ အသာစီးရနိုင်မယ်လို့ စစ်ပွဲအစပိုင်းက တွက်ကိန်းတွေ လွဲချော်ခဲ့ကြပါတယ်။
စစ်ပွဲကာလ ၃ ပတ်ကျော် ၁ လနီးပါးမှာ ရုရှားစစ်သား ၁ သောင်းခွဲလောက်ကို သုတ်သင်နိုင်ခဲ့တဲ့အပြင် ရုရှားတိုက်လေယာဉ် ၉၇ စီးနဲ့ ဟယ်လီကော်ပတာ ၁၂၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Photo - commons.wikimedia.org

ယူကရိန်းစစ်တပ်ဟာ စတင်ဂါဒုံးကို အသုံးပြုပြီး ရုရှားကပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးပျံ လက်နက်တွေကိုပါ ပစ်ချနိုင်နေတာကို ယူကရိန်း လူမူကွန်ရက်တွေမှာ တွေ့ရပါတယ်။
ရုရှားတိုက်လေယာဉ်တွေနဲ့ ဟယ်လီကော်ပတာတွေကို ခုခံပစ်ချနေတဲ့ ပခုံးထမ်းဒုံးတွေထဲမှာ နာမည်ကြီးနေတာကတော့ FIM-92A လို့ခေါ်တဲ့ Man-portable Air-defense system (MANPADS) ဖြစ်ပါတယ်။
Surface-to-air missile (SAM) လို့လည်း ခေါ်ပြီး အမေရိကန်ကုမ္ပဏီ Raytheon က အမေရိကန်၊ ဂျာမနီနဲ့ တူရကီတို့မှာ ထုတ်လုပ်ပါတယ်။ ဒုံးလက်နက်တခုချင်းဟာ အမေရိကန်ဒေါ်လာ ၃ သောင်း ၈ ထောင်လောက် တန်ဖိုးရှိပါတယ်။

Photo - commons.wikimedia.org

၅ ပေ အလျားရှိတဲ့ ဒီစတင်ဂါဒုံးဟာ အနီအောက်ရောင်ခြည် ထိန်းချုပ်မှုနဲ့ ပစ်မှတ်လေယာဉ်ရဲ့ အိတ်ဇောအပူငွေ့ကို အာရုံခံနိုင်ပြီး အမြင့်ပေ ၁ သောင်း ၁ ထောင်အောက် တိုက်လေယာဉ်တွေကို ပစ်ချနိုင်ပါတယ်။ အလေးချိန် ၃၅ ပေါင်ရှိပြီး စစ်သည်တယောက်တည်းကနေ ပခုံးထမ်း ပစ်လွှတ်ရင် ၁ နာရီ ကီလို ၂,၄၀၀ နှုန်းနဲ့ ကီလိုမီတာ ၄,၈၀၀ အဝေးထိ ပျံသန်းနိုင်ပါတယ်။
ရုရှားလေတပ်အတွက်ကတော့ Stinger ဒုံးဟာ ဆိုဗီယက်-အာဖဂန်စစ်ပွဲမှာ ရင်ဆိုင်ခဲ့ရဖူးတဲ့ ရန်သူဟောင်းနဲ့ တကျော့ပြန် ဆုံဆည်းကြတယ်လို့ ဆိုနိုင်ပါတယ်။
Stinger ပခုံးထမ်း လေယာဉ်ဖျက်ဒုံးကို ၁၉၈၁ နောက်ပိုင်း စတင်သုံးစွဲလာကြပြီး မျိုးဆက်သစ်ဒုံးတွေကို အမေရိကန်နဲ့ မဟာမိတ် ၂၉ နိုင်ငံလောက်မှာ အသုံးပြုနေကြပါတယ်။ခုချိန်ထိ ဂျာမနီ၊ နော်ဝေ၊ နယ်သာလန်၊ အမေရိကန်နိုင်ငံတွေက ထောင်နဲ့ချီတဲ့ စတင်ဂါဒုံးတွေကို ယူကရိန်းဆီ ပေးပို့ထားကြပြီး နောက်ထပ်လည်း ပေးပို့ဖို့ ရှိနေပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီး အကြိမ်ကြိမ် တောင်းဆိုနေတဲ့ No-Fly Zone သတ်မှတ်ရေးထက်စာရင် ပခုံးထမ်း လေယာဉ်ဖျက်ဒုံးတွေက ပိုလက်တွေ့ကျတယ်လို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတွေက ယူဆနေကြတာကို ရုပ်သံသတင်းတွေမှာ မြင်နေရပါတယ်။

5 mins Ago
Up