စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားသမဂ္ဂတွေ၊ တက္ကသိုလ်ကောင်စီတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်လူငယ်တွေစုပေါင်းပြီး Burma Academy အွန်လိုင်းပလက်ဖောင်းကို ၂၀၂၂ ခုနှစ်၊ မတ်လပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
Burma Academy အွန်လိုင်းပလက်ဖောင်းကို လူငယ်တွေဦးဆောင်ကာ စတင်ဖွဲ့စည်းခဲ့ပြီး သင်ကြားပို့ချ နေတဲ့ သူတွေအားလုံးဟာ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ကာ တော်လှန်ရေးကာလ အတွင်း အကျိုးပြုမယ့် သင်ခန်းစာတွေကို အဓိကသင်ကြားပေးတာဖြစ်ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာပြီးဆုံး တာနဲ့ NUG ပညာရေးဝန်ကြီးဌာနအသိမှတ်ပြုလက်မှတ်တွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူ တဦးက DVB ကိုပြောပါတယ်။
“ အဓိကတော့ အွန်လိုင်းပလက်ဖောင်းမှာ တည်ထောင်တာ တနိုင်ငံလုံးက ကြားကာလပညာရေးကို သင်ကြားပေးနေတဲ့ လူငယ်တွေပေါင်းပြီး ပြည်သူတွေအားလုံး ဒီနေရာမှာ လာပြီးတော့ သင်ယူလို့ရအောင် စုစည်းထားတဲ့သဘောနဲ့တည်ထောင်ခဲ့တာပါ”လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီပလက်ဖောင်းမှာပါဝင်တဲ့ကျောင်းတွေကလည်း လက်ရှိမှာ တော်လှန်ရေးကိုအခြေပြုတဲ့ ကြားကာလပညာ ရေးကိုသွားမှာဖြစ်ပြီး တောထဲကကျောင်းသားတွေ ထောင်ထဲကကျောင်းသားတွေနဲ့ စစ်ဘေးရှောင်နေရတဲ့ ကျောင်းသားတွေကို စာနာတဲ့အနေနဲ့ အတန်းတင်ပညာရေးကိုသွားဖို့အစီစဉ်တော့မရှိသေးဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးကာလမှာ အဓိကလိုအပ်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ဘာသာရပ်ပေါင်းစုံကို သင်ကြားနိုင်မှာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တာနဲ့ ဆေးပညာဆိုင်ရာတွေ လက်တွေ့ အသုံးပြုနိုင်မယ့် ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Burma Academy အွန်လိုင်းပလက်ဖောင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို သပိတ် မှောက်ပြီး အနာဂတ်ဖယ်ဒရယ်ပညာရေးကို ဖော်ဆောင်လိုတဲ့ ကျောင်းသားလူငယ်တွေအတွက် ပလက်ဖောင်း တစ်ခုဖြစ်မယ်လို့ ဦးဆောင်သူတွေက ပြောဆိုပါတယ်။
နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ ၁ လအတွင်း ကျပ် ၈၇ သိန်းကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က အသိပေးကြေညာထားပါတယ်။
အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက CDM သူရဲကောင်းတွေကို ၂၅ သိန်းကျော် အပါအဝင် စစ်ဘေးရှောင်ပြည်သူတွေကို ကျပ် ၉ သိန်း၊ ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ၂ သိန်းခွဲ၊ နွေဦးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး “လိင်ပိုင်းဆိုင်ရာ ပညာပေးနှင့်မျိုးဆက်ပွားကျန်းမာရေး” ရန်ပုံငွေလှူဒါန်းငွေ ၁၃ သိန်း ကျော်အပြင် နွေဦးတက္ကသိုလ်ရဲ့ Community Development အစီအစဉ်မှတဆင့် STEM TOT Batch 3 က ဆရာ၊ ဆရာမအယောက် ၁၀၀ အတွက် သိပ္ပံ Hub နဲ့ ပူးပေါင်းကာ ပညာဒါန TOT Training အတွက် သိန်း ၃၀ နဲ့ ပညာသင်ဆု ၇ သိန်းခွဲစီ အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။
နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။