ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ အမျိုးသားနိုင်ငံရေးဦးတည်ချက်ကိုရောက်ရှိ အောင်မြင်စေဖို့အတွက် ‘ဝ’ ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်မှုကို ခံယူပြီး အမြဲလက်တွဲ ပူးပေါင်းသွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကြေညာလိုက်ပါတယ်။
‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်တာ ၃၄ နှစ်ပြည့်တဲ့ပွဲတော်ကို ဧပြီ ၁၇ ရက်နေ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
၂၀၂၂ ခုနှစ်မှာ မြန်မာပြည်တွင်းအခြေအနေအပေါ် ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ သဘောထားဖြစ်တဲ့ ပြည်တွင်းပဋိပက္ခကို အင်အားသုံးမဖြေရှင်းဖို့၊ နိုင်ငံရေးနည်းလမ်းတွေနဲ့ပဲ အဖြေရှာဖို့တိုက်တွန်းချက်တွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ ကိုင်စွဲထားရမယ့် အခြေခံမူဝါဒ ဖြစ်တယ်၊ ဒီရပ်တည်ချက်မူဝါဒတို့ဟာလည်း မှန်ကန်သင့်မြတ်ပြီး ‘ဝ’ ပြည်နယ်ရဲ့ ပကတိတရားနဲ့ လျော်ညီသလို PSLF/TNLA ကလည်း လိုလားထောက်ခံတယ်လို့ ဆိုပါတယ်။
‘ဝ’ ပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဦးဆောင်ပြီး ပြည်နယ်နဲ့ လူမျိုးတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာစေဖို့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ‘ဝ’ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်တွေနဲ့ ‘ဝ’ ပြည်နယ်အစိုးရကို အမြဲလေးစားဂုဏ်ယူပြီး ‘ဝ’ လူမျိုးနဲ့ ‘ဝ’ ပြည်နယ်က ပြည်သူတွေရဲ့ သွေးစည်းညီညွတ်မှုကိုလည်း အလေးဂရုပြုတယ်လို့ PSLF က ထုတ်ပြန်ထားပါတယ်။
‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားနဲ့ စစ်ရေးပြပွဲတွေကို ဧပြီ ၁၇ ရက် ဒီမနက်ပိုင်းက ‘ဝ’ပြည်မြောက်ပိုင်း၊ မိုင်းပေါက်မြို့ရှိ ၄၆၈ တပ်နဲ့ ‘ဝ’ ပြည်တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ၊ မုံးကျွတ်မြို့မှာ ကျင်းပသွားပါတယ်။
Photo-TNLA
စစ်အာဏာသိမ်းပြီး တနိုင်ငံလုံးကို မီးလောင်တိုက်သွင်း ဖျက်ဆီးသတ်ဖြတ်နေတဲ့ အခြေအနေကနေ လွတ်မြောက်ရေးအတွက် စစ်ကောင်စီကိုခုခံတော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကတိပြုလိုက်ပါတယ်။
ဒီကနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ ၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်အတွက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့အပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ကျော်က သဝဏ်လွှာအသီးသီးပေးပို့ရာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်မနဲ့တောင်တန်း မခွဲခြားတော့ဘဲ တနိုင်ငံလုံးရှိ ပြည်သူလူထုနဲ့ ရပ်/ရွာတွေကို မီးလောင်တိုက်သွင်းပြီး ဖျက်ဆီးသတ်ဖြတ်တာ၊ အကျဉ်းချတာ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူမှုဘဝအားလုံး ဖျက်ဆီးခံရကာ မသေချာ မရေရာမှုတွေနဲ့ ပြည်နှက်နေတဲ့အခြေနေမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ဒီအခြေအနေက လွတ်မြောက်နိုင်ဖို့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ ခိုင်မာစွာ လက်တွဲကာတိုက်ပွဲဝင်ကြမယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) အဖွဲ့ဝင်တွေဖြစ်လို့ FPNCC က ထုတ်ပြန်ထားတဲ့ "နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်းရေးအဖွဲ့အစည်းတွေရဲ့ မူဝါဒနဲ့ရပ်တည်ချက်" အတိုင်း ခိုင်မာစွာရပ်တည်ပြီး မိမိတို့ရဲ့ သက်ဆိုင်ရာ လူမျိုးနဲ့ နယ်မြေကို ကိုယ်စားပြုပြီး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့တွေ ဖြစ်တယ်လို့လည်း သဝဏ်လွာမှာ ရေးသားထားပါတယ်။
တိုင်းပြည်တဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်လှန်စစ်ဆင်ရေးမှာ အေအေဟာ အဖိနှိပ်ခံ ပြည်သူလူထုနဲ့ တတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေကိုလည်း လက်တွဲကူညီပေးနေတယ်လို့လည်းဆိုပါတယ်။
ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွစုစည်းညီညွတ်စွာနဲ့ ရုန်ကန်ဖောက်ထွက် ကြိုးစားကြရမှာဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေနဲ့ ရက္ခိုင့်ပြည်သူလူထုရဲ့ နိုင်ငံရေးအမျိုးသားရေး မျော်မှန်းချက်တွေကိုလည်း တပါးတည်းအပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ပါစေလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ ဆုတောင်းပေးထားပါတယ်။
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ပေါင်း ၁၀ ကျော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း သဝဏ်လွာအသီးသီးပေးပို့ထားကြပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ)ကို ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ လူငယ် ၂၆ ဦးနဲ့ စတင်ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။