close

Toru Kubota

close

August 2, 2022

စစ်ကောင်စီဖမ်းဆီးထားသည့် ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာကို ပြန်လွှတ်ပေးရန် တောင်းဆို

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ တိုရုခုဘိုတ  ပြန်လွတ်မြောက်ရေးအတွက်  သူ့ရဲ့ မိသားစုလုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက   ဩဂုတ် ၁ ရက်နေ့မှာ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာကို စုပေါင်းသွားရောက်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်အစိုးရ ဒုတိယအတွင်းဝန်ချုပ် မစ္စတာခိဟရကလည်း မစ္စတာ တိုရုခုဘိုတအမြန်ဆုံး လွတ်မြောက်နိုင်ဖို့အတွက် မြန်မာစစ်ကောင်စီကို ဖိအားပေးဆောင်ရွက်သွားမယ်လို့  ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါရိုက်တာ  မစ္စတာ တိုရုခုဘိုတဟာ ဇူလိုင် ၃၀ ရက်က  ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့  စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားဆန္ဒပြပွဲကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရင်း စစ်ကောင်စီတပ်ရဲ့  ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

သူ့ရဲ့မိတ်ဆွေလည်းဖြစ် မြန်မာနိုင်ငံမှာသတင်းယူရင်း ၂ ကြိမ်ဖမ်းဆီးခံခဲ့ရဖူးသူလည်းဖြစ်တဲ့ ဂျပန်သတင်းထောက် ယူကီခိတဇူမီ က “ကျနော့်ရဲ့လုပ်ဖော်ကိုင်ဖက်  တိုရုခုဘိုတက မှတ်တမ်းတင်ဒါရိုက်တာတယောက်ပါ။ သူဟာ သူ့အလုပ်သူလုပ်တာပါ။ သတင်းသမာ၊ နိုင်ငံရေးသမား၊ ဒီမိုကရေစီလှုပ်ရှားသူတွေက ရာဇဝတ်သားတွေမဟုတ်လို့ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဒါရိုက်တာ တိုရုခုဘိုတ ဟာ မြန်မာနိုင်ငံအကြောင်းကို စိတ်ဝင်စားပြီး တက္ကသိုလ်နောက်ဆုံးနှစ်ကတည်းက ကျောင်းသားဘဝနဲ့  မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးခဲ့သူဖြစ်ပြီး နိုင်ငံတကာက ပေးအပ်တဲ့ ဆုတွေလည်း ရခဲ့ဖူးသူဖြစ်ပါတယ်။

ဒါရိုက်တာ တိုရုခုဘိုတဟာ မြန်မာနိုင်ငံကိုအကြိမ်ကြိမ်သွားရောက်ပြီး မြန်မာနိုင်ငံရဲ့လူနေမှုဘဝ၊ ဘာသာဓလေ့ထုံးစံတွေကို မှတ်တမ်းတင်နေတဲ့ ဂျာနယ်လစ်တယောက်ဖြစ်တယ်လို့လည်း ယူကီ ခိတဇူမီက ပြောပါတယ်။

Japan PEN Club ဥက္ကဋ္ဌ  မစ္စတာ နာဆူရိုခီရီနိုကလည်း ဒါရိုက်တာ တိုရုခုဘိုတကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မနေ့က ကြေညာချက်ထုတ်တောင်းဆိုလိုက်ပြီး  မြန်မာနိုင်ငံနဲ့ ပြည်ပရှိ သတင်းထောက်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးဖို့ တောင်းဆိုထားပါသည်။

စစ်ကောင်စီဘက်ကတော့ အဆိုပါ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ဖေါ်ပြောဆိုတာ မရှိသေးပေမဲ့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကတော့ ဂျပန်အမျိုးသားတယောက် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရကြောင်း AFP သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပြီး  သံရုံးအနေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေနဲ့  ဆက်သွယ်ပြီး ပြန်လွှတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါရိုက်တာ တိုရုခုဘိုတ လွတ်မြောက်ရေးလက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကိုလည်း ပြုလုပ်နေကြပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကလည်း  ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် ကြဖို့ အစီအစဉ် ရှိနေပါတယ်။ 

2 days Ago
Up