ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (TPDF) တည်ထောင်ခြင်း တနှစ်ပြည့် အခမ်းအနားကို မေ ၁၀ ရက်က ရှမ်းပြည်တောင်ပိုင်းရှိ တောတွင်းတနေရာမှာ ကျင်းပခဲ့ပါတယ်။
တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တောင်ကြီးမြို့ကို အခြေခံ ဖွဲ့စည်းထားပြီး တနှစ်တာအတွင်း သက်ဆိုင်ရာ မြို့နယ်ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပူးပေါင်းကာ အခြေခံစစ်သင်တန်း ၄ ကြိမ် အောင်မြင်စွာ ပို့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
တနှစ်တာကာလအတွင်း ရွာငံမြို့တွင်း ထိပ်တိုက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့ပြီး စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် အပါအဝင် စစ်တပ်ထုတ်ကုန်တွေ၊ စစ်ကောင်စီ သတင်းပေး ဒလန်တွေကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ခေါင်းဆောင် ကိုကျော်ခန့်က ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ EAOs တွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေး အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး တော်လှန်ရေးရဲဘော် တယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
ရွာငံမြို့နယ် နွားဘန်းကြီးရွာနားမှာရှိတဲ့ ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ YUG နဲ့ တောင်ကြီး မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တပ်ခွဲ ၂ စခန်းကို ဧပြီ ၂၂ ရက်က ကင်းထောက် လေယာဉ် ၃ စီး နဲ့ ကင်းထောက်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ရွာငံမြို့ပြ ပြောက်ကျားတပ်က မနေ့က ထုတ်ပြန်ပါတယ်။
သိမ်းဆည်းခံရတဲ့ နေရာဟာ ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ -၂ ရဲ့ အခြေခံစစ်သင်တန်းပို့ချတဲ့ စခန်းတခုဖြစ်ပြီး ဧပြီ ၂၀ ရက်ကတည်းက စစ်သားအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။
လက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်ခဲ့သလို တပ်ခွဲ - ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ကင်းသမားကို ဖမ်းဆီးနှိပ်စက် အဝတ်လဲခိုင်းပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ကျန်တဲ့တော်လှန်ရေးရဲဘော်တွေကတော့ ဘေးကင်းရာနေရာကို လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။