close

UDP ပါတီ

close

February 8, 2023

နှင်းဆီပါတီကို အမည်ပြောင်းလဲပြီး ပါတီမှတ်ပုံပြန်တင်မည်

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပါတီဝင်များ ပြည်လည်စုစည်းကာ ပါတီနာမည်အသစ်နဲ့ ပြန်လည်မှတ်ပုံဖို့ ပြင်ဆင်နေတယ်လို့ ပါတီဝင်ဟောင်းတွေထံက သိရပါတယ်။

နှင်းဆီပါတီ ခေါင်းဆောင် ဦးကျော်မြင့်ဟာ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် ချမ်းအေးသာစံမြို့နယ် တရားရုံးကလည်း  ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်က ထောင်ပြေးမှုအပြင် အရင်ပြစ်မှုကြွေးကျန် ထောင်ဒဏ် ၉ နှစ်နဲ့ ထပ်တိုးထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါသေးတယ်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်မှာ ပြည်ထောင်စုရွေးကော်မရှင်ကနေပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီဝင်အင်အားများတဲ့ နှင်းဆီပါတီဟာ ပါတီမှတ်ပုံတင် ပြန်တင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ပါတီဝင်ဟောင်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“နာမည်က ကြားနေတာတော့ ပြည်ထောင်စုဒီမိုကရေစီပါတီလို့ နာမည်ပြောင်းမယ် ကြားတယ် သေချာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

နှင်းဆီပါတီ တကယ်တမ်းမှတ်ပုံတင်ပြီး ပါတီအသစ်ဖွဲ့စည်းပါက ကြံ့ခိုင်ရေးပါတီထက် အင်အားများပြားလာမှာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“၂၀၂၀ တုန်းကတောင် ပြည်ထောင်စုအဆင့်ပြိုင်တာ ကိုယ်စားလှယ် ၁၁၃၁ ယောက်ရှိတယ်။ တကယ်မှတ်ပုံတင်ရင် ပြည်ထောင်စုအဆင့် ပြိုင်မှာ”လို့ ပြောပါတယ်။

နှင်းဆီပါတီ(ခ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) မှာ  ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခြင်း မရှိပါဘူး။

လက်ရှိအခြေအနေမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အင်းစိန်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကို ကျခံနေရပြီး  လှိုင်သာယာမြို့မရဲစခန်းက စွဲဆိုထားတဲ့ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄၃) နဲ့ တရားရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြီးနောက် စစ်တပ် ကြောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့  ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင် ပြန်လျှောက်ထားပါတယ်။

2 mins Ago

October 7, 2020

UDP ပါတီ နေပြည်တော်တွင် လှည့်လည်အင်အားပြ၊ ၇၅ ရာခိုင်နှုန်း အနိုင်ရရန် မျှော်မှန်း 

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အောက်တိုဘာ ၇ ရက်မနက်က  လှည့်လည်အင်အားပြခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ  ဦးကျော်မြင့် ထောင်ပြေးမှုနဲ့ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးတရားစွဲခံထားရပေမဲ့ နှင်းဆီပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပါတီအနေနဲ့ ဥက္ကဋ္ဌအပေါ်မှာ မူတည်နေတာမဟုတ်တဲ့အတွက် ပါတီဥက္ကဋ္ဌရဲ့ ဖြစ်စဉ်မှာ ပါတီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိဘူးလို့လည်း နှင်းဆီပါတီရဲ့ နေပြည်တော်တိုင်းဦးစီး ဦးထွန်းလင်းကိုက ပြောပါတယ်။ “ကျနော်တို့ဆီမှာက ဥက္ကဋ္ဌကြီးအပေါ်  မှီပြီးနေတာမဟုတ်ပါဘူးဗျ။ ကျနော်တို့က ပါတီရဲ့ UDP ပါတီရဲ့ စိတ်ဓာတ်တွေနဲ့ပဲ ပါတီရှိရင် UDP ရှိမယ်။ UDP ရှိရင် ပြည်သူတွေအကုန်လုံးရှိ နေမှာပါ” လို့ ဦးထွန်းလင်းကိုက ပြောပါတယ်။ UDP ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အရေအတွက်  ၁၁၄၃ ဦးနဲ့ အာဏာရ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ မှန်းထားတယ်လို့လည်း တိုင်းဦးစီး ဦးထွန်းလင်းကိုက ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ အင်အားပြပွဲကို ဆိုင်ကယ်အစီး ၅၀ လောက် ၊ ကားအစီးရေ ၂၀ လောက် ၊ လူဦးရေ စုစုပေါင်း ၃၀၀ လောက် ပါဝင်အင်အားပြကြပြီး နေပြည်တော် ဒေသအနှံ့ လိုက်လံအင်အားပြ ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
2 years Ago
Up