တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဒီနေ့ မတ် ၁၅ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး နိုင်စံတင်က ဒီဗွီဘီကို ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပါတီမှတ်ပုံတင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ပြီးနောက် စစ်ကောင်စီ UEC ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကန့်သတ်ချက်တွေကြောင့် မွန်ပြည်နယ်အဆင့်မှာပဲ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။
ဒါပေမဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ညီညွတ်ရေးပါတီ(ကရင်ပြည်နယ်)အတွက်လည်း ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသွားဖို့ စီစဉ်ထားတယ်လို့ နိုင်စံတင်က ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံပြန်တင်ရတာဟာ ပါတီဆက်လက် ရှင်သန်ရေးအပါအဝင် ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။
မတ် ၁၄ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၃ ပါတီအထိ ရှိလာပြီလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ တနိုင်ငံလုံး စည်းရုံးမယ့်ပါတီ ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ ၁၈ ပါတီရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၂ နေရာအထိ အနိုင်ရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် မွန်လူထုအတွင်း ဝေဖန်ခံနေရတဲ့ နိုင်ငံရေးပါတီတခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မွန်ညီညွတ်ရေးပါတီရဲ့ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ နိုင်လယိတမကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်နဲ့ မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်နေပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့တွေ့ဆုံပွဲကို တက်ခဲ့တာကြောင့် ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးအေးမင်းဟာ မနေ့က လုပ်တဲ့ စစ်ကောင်စီ UEC နဲ့ ပါတီတွေ တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့ အသိပေး ဆွေးနွေး သဘောတူညီမှုမယူဘဲ တယောက်တည်း ဆန္ဒအလျောက် တက်ရောက်ခဲ့တာကို စိစစ်သိရတယ်လို့ ပါတီက မနေ့က ထုတ်ပြန်ပါတယ်။
ဒါကြောင့် သူဟာ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေချိုးဖောက်ခဲ့ပြီး နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကို လျစ်လျူရှုတာ၊ ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဆန္ဒကို သွေဖည်တာ စတာတွေကြောင့် တာဝန်ကရပ်ဆိုင်းပြီး ပါတီကလည်း ထုတ်ပယ်လိုက်ပါတယ်။
ဦးအေးမင်းဟာ ပါတီရဲ့ ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေကို လျစ်လျူရှု မစောင့်ထိန်းခဲ့ဘဲ သူ့လုပ်ရပ်ကြောင့် ပါတီဂုဏ်သိက္ခာလည်း ကျခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့ကလုပ်တဲ့ စစ်ကောင်စီ UEC နဲ့ ပါတီတွေ တွေ့ဆုံပွဲကို ၅၃ ပါတီတက်ရောက်ခဲ့ပြီး ၃၈ ပါတီကတော့ မရောက်ခဲ့ပါဘူး။