မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း EuroCham Myanmar က ပြည်တွင်းမှာ ဥရောပ စီးပွားရေးလုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအခြေစိုက် Euro Chamber of Commerce in Myanmar က CEO ဖြစ်သူ Ms. Karina Ufert နဲ့ အဖွဲ့ဝင်တွေက စီးပွားရေးဆိုင်ရာ အခြေအနေတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူတွေထံ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဥရောပစီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အဓိက အခက်အခဲတွေအနေနဲ့ ဘဏ်ကိစ္စရပ်တွေ၊ မူဝါဒရေးရာ ပြောင်းလဲမှုတွေနဲ့ လျှပ်စစ်မီး မတည်ငြိမ်မှုတွေဖြစ်ကြောင်း EuroCham Myanmar က တင်ပြဆွေးနွေးခဲ့တယ်လို့ UMFCCI က ဆိုပါတယ်။
ဒါ့အပြင် ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်ဝင်ရောက်လာဖို့ သွင်းကုန်လိုင်စင်တွေ ဖြေလျှော့ပေးရေး၊ တရားမဝင်ကုန်သွယ်မှုတွေကို ထိရောက်စွာ ကာကွယ်ပေးစေရေးနဲ့ ဗီဇာသက်တမ်းတိုးမြှင့်ရေး၊ မှန်ကန်တိကျတဲ့ သတင်းထုတ်ပြန်ချက်တွေ ရရှိရေး စတဲ့အချက်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ အဲဒီတင်ပြချက်တွေ အပါအဝင် လုပ်ငန်းကဏ္ဍ အသီးသီးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ လုပ်ငန်းကော်မတီတွေဆီ တင်ပြပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိရေးအတွက်လည်း အသင်းချုပ်က ဆောင်ရွက်ပေးသွားမယ်လို့ ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။
EuroCham Myanmar ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အသင်းဝင် ကုမ္ပဏီပေါင်း ၁၂၀ ကျော်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကလည်း မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုန်သည်ကြီးများ အသင်းက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတဲ့ ကိုရီးယားလုပ်ငန်းရှင်တွေ အတွက် ဗီဇာရရှိရေး၊ သွင်းကုန်၊ ပို့ကုန်လိုင်စင် ကန့်သတ်မှုတွေ ဖြေလျေှာ့ပေးရေးနဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးအခက်အခဲ၊ ဒေါ်လာငွေလဲလှယ်မှုနှုန်းနဲ့ ဈေးကွက်အခက်အခဲတွေ အကြောင်းကို လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည် စျေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေဖို့နဲ့ စျေးနှုန်းမမြင့်မားစေဖို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဦးဆောင်ပြီး Task Force လုပ်ငန်းအဖွဲ့ ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ အသင်းချုပ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါအဖွဲ့က သက်ဆိုင်ရာကော်မတီ၊ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီတွေရင်ဆိုင်ကြုံ တွေ့နေရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတာပါ။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ဒေသတွင်းမှာ ကိုဗစ်လှိုင်းက ဆူနာမီလို တက်လာတဲ့အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုဗစ်နဲ့ပတ်သတ်တဲ့ ဆေးဝါးသုံးစွဲမှုကလည်း မြင့်လာတယ်။ မြန်မာနိုင်ငံမှာလည်း ဝယ်လိုအား ရောင်းလိုအားက ချိန်ခွင် မမျှတမှု ရှိလာတယ်။ ဆိုတော့ ဒီအတွက် ဆေးဝါးလိုအပ်ချက်ကို မြန်မြန်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် task force ဖွဲ့ပြီးတော့ ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
ဒီနောက် နိုင်ငံအတွင်း ဆေးဝါးလိုအပ်ချက်ကိုသိနိုင်ဖို့ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာ ၃လတာအတွင်း ကုမ္ပဏီ တင်ပြလာတဲ့ စျေးကွက် အခြေအနေနဲ့ မြေပြင်အချက်အလက်တွေကို စုစည်းပြီး Supply Chain တခုလုံးမှာရှိတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားချိန်ခွင်ကို မျှတအောင် ထိန်းညှိသွားဖို့အတွက် ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်လို့ မှန်ကန်တဲ့အချက်အလက်တွေ ပေးပို့ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းစတင်ခဲ့ပြီးနောက် အိမ်သုံးဆေးဝါးရောင်းဝယ်ရေးစျေးကွက်မှာ ကိုဗစ်နဲ့ ဆက်နွှယ်တဲ့ ဆေးဝါးတွေက ပစ္စည်းပြတ်လပ်မှုနဲ့အတူ စျေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတာပါ။
အိမ်သုံးဆေးဝါးတွေစျေးနှုန်းမြင့်တက်လာတာနဲ့ပတ်သတ်လို့ ဆေးဝါးတင်သွင်းရောင်းချနေတဲ့ သွင်းကုန်လုပ်ငန်းရှင်တဦးက “လူတွေက ကြောက်လန့်ပြီးတော့ အပိုဝယ်ယူစုဆောင်းမှုတွေကြောင့် စျေးကွက်မှာ ပစ္စည်းပြတ်လပ်သွားပြီး စျေးတွေတက်သွားတာပါ။ မြန်မာနိုင်ငံနည်းတူ တခြား ထိုင်း၊ မလေး၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း စျေးတက်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ Supply များများဝင်လာအောင်လုပ်နိုင်လာတဲ့အတွက် တဖြည်းဖြည်းနဲ့တော့ စျေးက အရင်လို တက်အား များများမရှိတော့ပါဘူး။ ပြီးတော့ နောက်တချက်က နိုင်ငံခြားငွေကြေး အတက်အကျကလည်း ရှိနေတော့ အခုစျေးနှုန်းက တောင့်နေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက စျေးကွက်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့သဘောပါ” လို့ ဆိုပါတယ်။
လက်ရှိမှာဆိုရင်လည်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးမှာ ကိုဗစ်ရောဂါကုသရေးမှာ အသုံးများတဲ့ ဆေးဝါးတွေကို တင်သွင်းခွင့် (One Time Permit) အတွက် လာရောက်လျှောက်ထားနိုင်ကြောင်းနဲ့ One Stop Services (OSS) သို့ ဆက်လက်ပေးပို့ပြီး၊ ထိုမှတဆင့် FDA သို့ပေးပို့ကြောင်း၊ လျှောက်ထားပြီး သတ်မှတ်ချက်များပြည့်စုံကိုက်ညီမှု ရှိပါက(၄၈) နာရီအတွင်း FDA က ပါမစ်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက ပျှမ်းမျ တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိပါတယ်။