မြန်မာနိုင်ငံမှာ မြို့ပြဆင်းရဲနွမ်းပါးမှုဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေရဲ့ ပေါင်းစပ်ခြိမ်းခြောက်မှုအောက်မှာ သုံးဆတိုးလာဖို့ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာ အမျိုးသား ဆင်းရဲနွမ်းပါးမှု တိုင်းတာမျဉ်းအောက်မှာ နေထိုင်ရလိမ့်မယ်လို့ UNDP ရဲ့ စစ်တမ်းက ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအကူးအပြောင်းကတည်းက အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို မေလနဲ့ ဇွန်လမှာ မြန်မာနိုင်ငံတဝန်း People's Pulse Survey စစ်တမ်းကောက်ယူခဲ့တာပါ။
နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုဦးရေဟာ ၂၀၀၅ ခုနှစ်ကတည်းက မတွေ့မြင်ရသေးတဲ့ အဆင့်ကို ပြန်သွားဖွယ်ရှိပြီး ကပ်ရောဂါမဖြစ်ပွားမီ စီးပွားရေးတိုးတက်မှု ၁၅ နှစ်ကို ထိထိရောက်ရောက် ဖျက်ပစ်နိုင်ခဲ့ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဆင်းရဲနွမ်းပါးမှု မြင့်မားလာတာဟာ ရှင်သန်ဖို့ ဝင်ငွေမရှိခြင်းအတွက်သာမက မျိုးဆက်သစ်တွေရဲ့ လူသားအရင်းနှီးအပေါ် ဆိုးကျိုးသက်ရောက်နိုင်မယ့် အာဟာရ၊ ကျန်းမာရေးနဲ့ ပညာရေးတို့ကို အန္တရာယ်ကြီးတခုဖြစ်နေတာ မြင်တွေ့နေရတယ်လို့လည်း စစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ မြန်မြန်ဆန်ဆန်ကို ထိုးကျလာတာဟာ ထိလွယ်ရှလွယ် အနေအထားကို ရောက်နေပြီလို့ UNDP အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုရဲ့ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂ်နာရာဂျာက ပြောပါတယ်။
ဆင်းရဲတွင်းထဲ လျှောကျသွားတဲ့ ဒီလောက်အတိုင်းအတာဟာ လူလတ်တန်းစားတွေ ပျောက်ဆုံးနိုင်တာကို ဆိုလိုတာဖြစ်ပြီး ဒီအကျပ်အတည်းကနေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့အတွက် နိမိတ်ဆိုးတခုပဲလို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။
စစ်တမ်းကောက်ယူမှုအရ ချင်းနဲ့ရခိုင်တို့လို ပြည်နယ်တွေမှာ ကပ်ရောဂါမတိုင်မီကနဲ့ စစ်အာဏာသိမ်းမှုမတိုင်မီက ဆင်းရဲနွမ်းပါးမှု တိုင်းတာချက်တွေဟာ မှန်းထားသလို မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မန္တလေးနဲ့ ရန်ကုန်လို မြို့ပြကြီးတွေမှာတော့ ပိုဆင်းရဲရုံတင်မကဘဲ နွမ်းပါးနေပြီဖြစ်တဲ့ သူတွေကလည်း ဆင်းရဲမှုမျဉ်းအောက်ကို ရောက်သွားမှာ ဖြစ်ပါတယ်။
စစ်တမ်းထဲမှာ မြို့ပြရှိ မိသားစုတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ သူတို့ရဲ့ဝင်ငွေ လျော့ပါးလာမှုတွေကို ပြန်ဖြည့်တင်းဖို့ စုဆောင်းငွေကို အသုံးပြုကြပြီး ထက်ဝက်လောက်ကတော့ စုဆောင်းငွေတောင် မကျန်တော့ကြောင်း ဖော်ပြထားပါတယ်။
မြို့ပြအိမ်ထောင်စုတွေရဲ့ ၂၇ ရာခိုင်နှုန်းလောက်ဟာ သွားလာရေးအတွက် အဓိကဖြစ်တဲ့ မော်တော်ဆိုင်ကယ်ကိုတောင် ရောင်းချဖြေရှင်းကြရကြောင်းလည်း အစီရင်ခံ တင်ပြထားပါတယ်။
ငွေသားရှားပါးလာပြီး ဘဏ်အပ်ငွေ ထုတ်ယူခွင့်လည်း ကန့်သတ်ထားတဲ့အပြင် တချိန်တည်းမှာပဲ ထိခိုက်လွယ် အိမ်ထောင်စုများစွာအတွက် ဘေးကင်းရေးလိုင်းဖြစ်တဲ့ နိုင်ငံတကာငွေလွှဲမှုတွေကိုလည်း ၁၀ ရာခိုင်နှုန်း လျှော့ချခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာခြင်းက တိုင်းပြည်တခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားပါတယ်။
နိုင်ငံအနေနဲ့ လူမှုဘေးကင်းရေး အသားတင် အစီအမံတွေမှာသုံးစွဲရတဲ့ တစ်နှစ် GDP ရဲ့ ၄ ရာခိုင်နှုန်းကို ကြည့်ဖို့လိုအပ်တယ်လို့ ခန့်မှန်းထားကြောင်းနဲ့ စီးပွားရေးက သိသိသာသာ ကျုံ့သွားပြီး ၀င်ငွေတွေ ပြိုကျနေတဲ့ အခြေအနေမှာ အရေးပေါ်ကုစားပေးဖို့ လူမှုရေး ရင်းနှီးမြှုပ်နှံမှုတွေ မရှိတာကြောင့် အိမ်ထောင်စုတွေဟာ နောင်နှစ်ပေါင်းများစွာ အမြဲတမ်း ဆင်းရဲမွဲတေမှုထဲမှာ နစ်မြုပ်နေရနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်နဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ငါးနှစ်ကထက် စီးပွားရေးကျဆင်းလာတာကြောင့် လာမယ့်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲတွင်းထဲ ကျရောက်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ခန့်မှန်းပြောပါတယ်။
တစ်ရက်ဝင်ငွေ ၁၅၉၀ ကျပ် (၀.၉၀ ဒေါ်လာ) ရရှိပြီး UNDP က သတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်နေထိုင်သူအရေအတွက်ဟာ တနိုင်ငံလုံးမှာ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိရာကနေ ၄၆ ဒသမ ၃ ရာခိုင်နှုန်းကို နှစ်ဆနီးပါး တိုးလာမယ်လို့လည်း ဆိုပါတယ်။
မြို့ပြဒေသတွေမှာ ၂၀၁၇ ခုနှစ်က ၁၁ ဒသမ ၃ ရာခိုင်နှုန်းကထက် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲတွင်းကို ကျရောက်သွားမှာဖြစ်ပြီး ပိုပြီးတုန်လှုပ်စရာပါလို့လည်း ဆိုပါတယ်။
ဒီလောက်အတိုင်းအတာ ဆင်းရဲမွဲတေမှုထဲ ကျရောက်သွားတာက လူလတ်တန်းစားတွေဟာ ပါဝင်လာတာကြောင့်လို့ UNDP အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုရဲ့ဒါရိုက်တာ ကန်နီဝစ်နာရာဂျာက Nikkei Asia သတင်းဌာနကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
လူလတ်တန်းစားတွေဟာ ပုံမှန်အားဖြင့် စီးပွားရေးတစ်ခုမှာ တိုးတက်မှုကို အားကောင်းစေတာ ဖြစ်ပြီး လူလတ်တန်းစားတွေရဲ့ သုံးစွဲမှုဟာ အလုပ်အကိုင်သစ်တွေ၊ လုပ်ငန်းအသစ်တွေကို ဖန်တီးပေးလိမ့်မယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ တချိန်က တိုးတက်နေတဲ့ အထည်အလိပ်၊ ခရီးသွားလုပ်ငန်း၊ ဧည့်ဝတ်ကျေပွန်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေအားလုံးဟာ ကိုဗစ်-၁၉ နဲ့ နိုင်ငံရေး ကသောင်းကနင်း ဒဏ်နှစ်ရပ်စလုံးကြောင့် အပြင်းအထန် ထိခိုက်ခဲ့ရပါတယ်။
အလုပ်အကိုင် ဆုံးရှုံးထားရသူတွေဟာ အခုအခါ ဝင်ငွေဆုံးရှုံးတာ ဒါမှမဟုတ် ဝင်ငွေ လျော့နည်းသွားရတာတွေကို ဖာထေးသုံးစွဲဖို့အတွက် စုဆောင်းထားတဲ့ ငွေတွေကို မှီခိုစားသောက်နေကြရပြီဖြစ်ပြီး လူလတ်တန်းစားတွေအတွက် ပြိုလဲကျတော့မယ့် အခြေအနေ ဖြစ်နေပြီလို့လည်း ဝစ်နာရာဂျာက ပြောပါတယ်။
စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးအလားအလာအရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက် ၉ ဒသမ ၈ ရာခိုင်နှုန်းကနေ လျော့ကျသွားတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ၀င်ငွေ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး လုပ်ခနဲ့စိုက်ပျိုးရေးဝင်ငွေ ၂၅ ရာခိုင်နှုန်း ကျဆင်းကာ ငွေလွှဲခြင်းနဲ့ လူမှုရေးအလွှဲအပြောင်း ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ UNDP က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
ရလဒ်အနေနဲ့ အခု မြန်မာလူဦးရေ ထက်ဝက်နီးပါးဟာ အမှန်တကယ် ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း UNDP ကနေ သိရပါတယ်။
ဒါအပြင် အခုချိန်မှာ စစ်တပ်နဲ့ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ အရှိန်လျော့လာဖို့ UNDP က မျှော်လင့်ထားပေမဲ့ တင်းမာမှုတွေက နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့နေဆဲ ဖြစ်တယ်လို့ ဝစ်နာရာဂျာက ပြောကြားပါတယ်။
ပြည်တွင်းဈေးကွက်နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ ချေဖျက်ခံရတာကြောင့် အထူးသဖြင့် တောင်သူလယ်သမားငယ်တွေအတွက် အလွန်အမင်း ခက်ခဲတဲ့အခြေအနေကို ဖြစ်စေတယ်လို့လည်း ပြောသွားပါတယ်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ နီပေါနိုင်ငံတွေဟာ ကမ္ဘာ့ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ(LDCs)အဆင့်ကနေ လွတ်မြောက်သွားခဲ့ပြီလို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က အတည်ပြုလိုက်ပါတယ်။