စစ်တပ် မတရားအာဏာသိမ်းထားတဲ့ ၁ နှစ်ကျော်အကြာ မြန်မာနိုင်ငံမှာ လက်ရှိ အကျပ်အတည်းကာလအတွင်း ကလေးသူငယ်ဦးရေ ၅ သန်းလောက်ဟာ လူသားချင်းစာနာမှု အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။
စစ်ပွဲတွေနဲ့ ပဋိပက္ခဒေသတွေကြောင့် ထိခိုက်ခံစားရတဲ့ ကလေးသူငယ်တွေကို ပညာရေး၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ပံ့ပိုးပေးဖို့ လိုအပ်နေဆဲဖြစ်ကာ သောက်သုံးရေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ အစားအသောက်လိုအပ်မှုတွေလည်း ရှိနေပြီး လူသား ချင်းစာနာမှု အကူအညီ လိုအပ်တဲ့ ကလေးသူငယ် ၅ သန်းထဲက ၁ ဒသမ ၁ သန်းကျော်ဆီကိုသာ ထောက်ပံ့ကူညီမှု ပေးနိုင်သေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းလုံးမှာတော့ အရေးပေါ် အကူအညီလိုအပ်တဲ့ ပြည်သူ ၁၄ ဒသမ ၄ သန်းလောက်ရှိနေပြီး ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ထင်မှတ်မထားတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေ၊ ကိုဗစ်- ၁၉ ကပ်ဘေး၊ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်တွေ၊ ဆင်းရဲမွဲတေမှု မြင့်တက်လာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲတာတွေအပါအဝင် ပဋိပက္ခနဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့နေကြရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ အဆိုပါ လူ ၁၄ သန်းကျော်ထဲက ၁ ဒသမ ၇ သန်းကိုသာ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးနိုင်ပြီး UNICEF အနေနဲ့ ဆက်လက်ပြီး အရှိန်မြှင့်ဖြည့်ဆည်းပံ့ပိုးနိုင်ဖို့အတွက် ရန်ပုံငွေလိုအပ်ချက် အမေရိကန် ဒေါ်လာ ၁၅၁ ဒသမ ၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းယူထားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေပါမချန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အလုပ်တွေ၊ ကျောင်းတွေ စွန့်ခွာထွက်ပြေးရသူတွေဟာလည်း တနေ့တခြား တိုးပွားလာနေပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအတွက် The Global Alliance for Vaccine and Immunization-GAVI (COVAX Facility) အဖွဲ့က ထောက်ပံ့လှူဒါန်းပြီး UNICEF အဖွဲ့အစီအစဉ်နဲ့ ပြည်ပမှတင်သွင်းတဲ့ Sinovac အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၂ သန်းကျော် ထပ်မံရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါ ကာကွယ်ဆေးတွေဟာ မတ် ၃၀ ရက် ညနေပိုင်းမှာ စီချွမ်လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆေးတွေကို အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းထားရှိကာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ အသုံးပြုထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ မတ် ၂၉ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူအရေအတွက်ဟာ ၂၆ သန်းကျော် ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။
ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ အယောက် ၁၉,၄၃၀ ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်ကစတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့် ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။