တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တွေမှာ မတ်လ ၂၂ ရက်က နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ကျင်းပရာမှာ UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့အဖွဲ့ တက်ရောက်ဆွေးနွေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် ၂၃ ရက်ဒီနေ့ ဆက်လက်ကျင်းပနေပြီး နှစ်ဖက်ဆွေးနွေးချက်တွေအရ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးကြဖို့ ရှိနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလက်ခံပြီး နေပြည်တော်ကို အကြိမ်ကြိမ်သွားရောက်တာ ဖြစ်ပြီး သိသာထင်ရှားတဲ့ ရလဒ်တွေကတော့ တခုမှ ရရှိတာ မရှိသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီကို အသိအမှတ်မပြုသလို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၆ ရက်မနက်က 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံပါတယ်။
ဒီလိုတွေ့ဆုံရာမှာ UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နဲ့အဖွဲ့က နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးထိန်းသိမ်းလိုက်နာနေတဲ့ အခြေအနေတွေ၊ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ဖြေရှင်းခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ပွင့်လင်းစွာ အကြေအလည် ဆွေးနွေးသွားမှာဖြစ်ပြီး ၂၀၀၈ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံပြီး ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ‘ဝ’ ပြည်နယ်ထူထောင်ခွင့်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ မူအားဖြင့် သဘောတူခဲ့သလို ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက် ပေါ်နေပေမဲ့ စစ်ကောင်စီရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။
နေပြည်တော်မှာရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့က မေ ၃၀ ရက်၊ NDAA (မိုင်းလား) အဖွဲ့က ဇွန် ၄ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဩဂုတ် ၄ ရက်တွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ အသီးသီးတွေ့ဆုံခဲ့ကြပြီး အခု ဒုတိယ အကြိမ်ထပ်မံ တွေ့ဆုံတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက် သွားရောက်ခြင်းမရှိပါဘူး။
Photo- DSINFO