close

Vantage ကုမ္ပဏီ

close

November 14, 2022

မြိတ်မြို့နယ်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ဝန်ထမ်း ၃ ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ Vantage ကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက် ပါကေးကန်ထဲမှာ စက်ပြင်ဖို့ ဆင်းသွားတဲ့  ၃ ယောက် အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးခဲ့ကာ ၂ ယောက်ကိုတော့ အရေးပေါ်လူနာအဖြစ် မြိတ်ဆေးရုံကြီးကို ပို့ထားရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။ 

နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီလောက်က မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ဝင်းအတွင်းမှာရှိတဲ့ Vantage ကုမ္ပဏီက ဝန်ထမ်းတယောက်က  ပါကေးငါးတွေ ကြိတ်ရာမှာ အသုံးပြုတဲ့ကန်ထဲက စက်ချိန်းကြိုးတခု ပြုတ်သွားလို့ ကန်ထဲဆင်းပြီး ပြင်ရာကနေ တက်မလာတဲ့အတွက် နောက်ထပ် ဝန်ထမ်းတွေကထပ်ပြီး ဆင်းတဲ့အချိန်မှာတော့ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီစက်က ပါကေးငါးတွေကို အမှုန့်ကြိတ်ရာမှာအသုံးပြုတဲ့ တွင်းပုံစံမျိုးဖြစ်ပြီး သံဘောင် လှေကားနဲ့ဆင်းရတာဖြစ်ကာ တွင်းထဲဆင်းခဲ့တဲ့ ဝန်ထမ်း ၅ ယောက်ထဲမှာ  အပေါ်ဆုံးက ၂ ယောက်ကိုပဲ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။

ငါးအမှုန့်ကြိတ်စက်ရုံမှာ ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်လို့ ပြန်လည်ဆယ်ယူဖို့ ကန်အတွင်းသို့ဆင်းရာမှာ အောက်ဆီဂျင်ပြတ်လပ်လို့ အမျိုးသား ၃ ယောက် သေဆုံးသွားပြီး ၃ ယောက်ကိုတော့  အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မြိတ်မြို့က ငါးမှုန့်ကြိတ်စက်ရုံဆိပ်ကမ်းမှာရပ်နားထားတဲ့ ငါးဖမ်းသင်္ဘောဝမ်းထဲမှာ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာ ရှိပါတယ်။ 

အခုလို ဝန်ထမ်းတွေသေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

14 mins Ago
Up