ဒိုင်တွေရဲ့ တောင်းပန်စာထက်စာရင် ဆုံးရှုံးသွားခဲ့ရတဲ့ ရမှတ်နှစ်မှတ်သာပြန်လိုချင်တယ်လို့ အာဆင်နယ် နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ လူကျွံနေတဲ့ အခြေအနေမှာ ဂိုးပေးလိုက်ရတာကြောင့် တစ်ဂိုးစီသရေကျခဲ့ပြီး ရမှတ်နှစ်မှတ်နစ်နာခဲ့ရတာပါ။
အဲဒီအပေါ် PGMOL လို့ ခေါ်တဲ့ ဒိုင်လူကြီးအဖွဲ့က အာဆင်နယ်အသင်းကို တရားဝင်တောင်းပန်ခဲ့ပေမဲ့ နည်းပြအာတေတာဘက်ကတော့ ကျေနပ်မှုမရှိခဲ့တာဖြစ်ပါတယ်။
“ဒီဖြစ်ရပ်က လူသားတဦးရဲ့အမှား မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့အလုပ်ကို နားမလည်တာ ဖြစ်တယ်။ ဒါက လက်ခံနိုင်စရာလည်း မရှိပါဘူး။ အဲဒီအမှားက ရမှတ်နှစ်မှတ်ဆ ဆုံးရှုံးသွားစေပြီး ပြန်ရဖို့လည်း မဖြစ်နိုင်တော့ဘူး။ သူတို့ရဲ့ ပွင့်ပွင့်လင်းလင်း တောင်းပန်မှုအပေါ် ချီးကျူးပေမဲ့လည်း ဆုံးရူံးခဲ့ရတဲ့ ရမှတ်နှစ်မှတ် ပြန်ရမှပဲ ကျေနပ်နိုင်မှာပါ”လို့ နည်းပြအာတေတာက ပြောပါတယ်။
အဲဒီပွဲစဉ်မှာ VAR ဒိုင်လူကြီး တာဝန်ယူခဲ့တဲ့ လီးမာဆန်ဟာ လူကျွံဘော ဟုတ်၊ မဟုတ် ပြန်လည်စစ်ဆေးခဲ့ရာမှာ စည်းမျဉ်းတိုင်းကြည့်တဲ့အထိ မလုပ်ဆောင်ခဲ့တာကြောင့် မှားယွင်းစွာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲမှာ လူကျွံဘောဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ နစ်နာမှုတွေရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေအပေါ် VAR ကိုင်တွယ်တဲ့ ဒိုင်တွေ မှားယွင်းမှုရှိခဲ့ကြောင်း PGMOL လို့ ခေါ်တဲ့ ဒိုင်လူကြီးအဖွဲ့က အာဆင်နယ်နဲ့ ဘရိုက်တန်နှစ်သင်းစလုံးကို စာပို့ပြီးတောင်းပန်ခဲ့ပါတယ်။
ဒိုင်လူကြီး ဟောင်းဝါ့ဒ်ဝက်ဘ်ဟာ နှစ်သင်းစလုံးဆီကို ဆက်သွယ်ပြီး VAR နဲ့စစ်ဆေးမှုတွေမှာ မှားယွင်းမှု ရှိခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့ PGMOL ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ် အသင်းကို ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ အိုင်ဗန်တိုနေးက ဘရန့်ဖို့ဒ်အတွက် ချေပဂိုးသွင်းခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တာပါ။
အိုင်ဗန်တိုနေးရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်ခဲ့ပေမယ့် VAR ဒိုင်လူကြီးတွေရဲ့ မှားယွင်းမှုကြောင့် ဂိုးအဖြစ်သတ်မှတ်ခဲ့တာပါ။
ဘရိုက်တန်အသင်းကတော့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ပွဲချိန် ၃၂ မိနစ်မှာ အက်စ်တူပီနမ် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောဆိုပြီး VAR ဒိုင်တွေက ပြန်လည်ပယ်ဖျက်သွားခဲ့တာပါ။ အဲဒီပွဲစဉ် ပြီးဆုံးချိန်မှာတော့ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။