close

WHO ဝန်ထမ်း

close

June 9, 2022

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း ၁ ဦး မော်လမြိုင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတခုဖြစ်တဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့   ဝန်ထမ်းတယောက်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ WHO မြန်မာရုံးက ဒီကနေ့ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ ဇွန် ၈ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ကာ သေဆုံးသူရဲ့ အမည်ကိုတော့ ဦးမျိုးမင်းထွဋ်လို့ ဖော်ပြထားပါတယ်။

ဦးမျိုးမင်းထွဋ်ဟာ WHO မြန်မာရုံးမှာ ၅ နှစ်နီးပါး ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ အခင်းဖြစ်တဲ့နေ့က သူ့ရဲ့ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းပြီး ရုံးကနေ အိမ်အပြန် သံလွင်ဥယျာဉ်လမ်းမှာ သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ခုလိုသေဆုံးမှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မြန်မာရုံးက လုပ်ဖော်ကိုင်ဖက်ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁၅ လကျော်  ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေသလို တောရောမြို့ပါမကျန် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အဓမ္မ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ ကုလအေဂျင်စီဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကိုပါ ပစ်ခတ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆိုနေတဲ့ကြားက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်တိုက်ခိုက်မီးရှို့မှု ဖြစ်စဉ်မှာ Save the Children ရဲ့  ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၄၆ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြပါတယ်။

10 mins Ago

April 22, 2020

WHO ဝန်ထမ်း ပစ်ခတ်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံခြားရေးဌာန ထုတ်ပြန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်  ပစ်ခတ်ခံရပြီး သေဆုံးသွားတာနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဝမ်းနည်းကြေကွဲ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းနဲ့ ဒီဖြစ်ရပ်ကို  စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်ဟာ WHO တံဆိပ်အမှတ်အသား ထင်ထင်ရှားရှား တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တစီးကို တိုက်ခိုက်တာဖြစ်တဲ့အပြင်  ဒီမော်တော်ယာဉ်ဟာ COVID-19 ရောဂါ သံသယရှိလူနာတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနဆီကို ပို့ဆောင်ဖို့ ထွက်ခွာလာစဉ် တိုက်ခိုက်ခံရတာဖြစ်လို့ ပိုမိုတုန်လှုပ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ WHO ဝန်ထမ်းတဦး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်ရစ်သူမိသားစုတို့အား အထူးစာနာထောက်ထား ဝမ်းနည်းကြေကွဲမိကြောင်းနဲ့ COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းတွေကို ကူညီပံ့ပိုးဖို့ လူသားချင်းစာနာထောက်ထားမှုတာဝန် ထမ်းဆောင်နေတဲ့ WHO မော်တော်ယာဉ်ကို ခုလို  ပြစ်တင်ရှုတ်ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့တဲ့အတွက် မြန်မာအစိုးရက များစွာစိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဆိုပါတယ်။ ဧပြီ ၂၀ ရက် ညနေက  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝန်ထမ်းတွေပါလာတဲ့ UN တံဆိပ်ပါ မော်တော်ယာဉ် ပစ်ခတ်ခံရပြီး WHO ဝန်ထမ်း ကျန်းမာရေးကြီးကြပ်သူ ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာရခဲ့တာပါ။ သူတို့နှစ်ဦးကို မင်းပြားဆေးရုံကို ပို့ဆောင်ကုသပေးနေစဉ်  ဦးပြည့်စုံဝင်းမောင်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက်  ဧပြီလ ၂၁ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပါတယ်။ အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ ဒီဖြစ်ရပ်အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး လုပ်ဖော်ကိုင်ဖက်ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရတယ်လို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့  ဒီပစ်ခတ်မှုကို ပြည့်ပြည့်စုံစုံနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။ အစိုးရအနေနဲ့လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို အလားတူ ထပ်မံမဖြစ်ပွားစေဖို့ ကာကွယ်တားဆီးရေး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
2 years Ago
Up