close

Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ

close

December 15, 2022

အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့သည့် Yangon Fukuyama အထည်ချုပ်စက်ရုံကို သပိတ်မှောက်မည်

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်ရှိ Yangon Fukuyama Apparel ကုမ္ပဏီ အထည်ချုပ်စက်ရုံပိုင်ရှင်ရဲ့ အကြောင်းမဲ့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမား ၃၀၀ ကျော်က ဥပဒေနဲ့အညီ ရသင့်ရထိုက်တာကို မရရှိပါက ခုံကောင်စီအထိ ဆက်တက်ပြီး စက်ရုံကို သပိတ်မှောက်သွားမယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဆိုပါ အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က စက်ရုံဝန်ထမ်း ၃၀၀ ကျော်ကို ဥပဒေမဲ့ အလုပ်ဖြုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးထံ စာတင်ပြီး ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်ရှင်ဘက်က ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့အတွက် ခုံသမာဓိ အဆင့်ထိ အလုပ်သမားတွေက တင်ပြထားတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တဦးကပြောပါတယ်။

“ဥပဒေအရဆိုရင် နို့တစ်ပေးရမယ်။ နို့တစ်မပေးဘဲနဲ့ အလုပ်ရှင်က ဥပဒေမဲ့ အလုပ်ဖြုတ်ပစ်လို့မရဘူး။ ပြီးတော့ အလုပ်ရှင်ဘက်က သနားဂရုဏာကြေးဆိုပြီး သိန်း ၃၀ လာပေးတယ်။ ဒီသိန်း ၃၀ က အလုပ်သမား ၃၀၀ ကျော်အတွက် ဘာရမှာလဲ။ သူတို့ပေးတဲ့ သနားကရုဏာကြေးဆိုတဲ့ အသုံးအနှုန်းကိုလည်း အလုပ်သမားတွေက မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ သနားကရုဏာကြေး ဆိုတာမျိုးက သူတောင်းစားကို ပေးတာမျိုးလေ။ ဒါကြောင့် အလုပ်သမားတွေက မယူဘူးလို့ ဆုံးဖြတ်ထားကြတယ်။ ဘာကရုဏာကြေးမှ ပေးစရာ မလိုဘူး။ အလုပ်သမားမှားရင် အလုပ်သမား ခံလိုက်တယ်။ အလုပ်ရှင်ဘက်က မှားရင် အလုပ်ရှင်က ခံပါ။ အခုတော့ မြို့နယ်ဖျန်ဖြေရေးအဆင့်မှာ သုံးကြိမ်တိတိ ညှိနှိုင်းပြီးပြီ။ အဆင်မပြေလို့ ခုံသမာဓိဆီ တင်ထားတယ်။ အဲ့ဒါကလည်း ကျေနပ်တဲ့အဖြေ မရဘူးဆိုရင် ခုံကောင်စီအထိ ဆက်တက်မယ်။ ပြီးရင် စက်ရုံကိုလည်း သပိတ်မှောက်မယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးတွေ များစွာ ဆုံးရှုံးနေရတဲ့အပြင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနက အမှုထမ်းတွေကလည်း အလုပ်ရှင်တွေကို ဖော်လံဖားလုပ်နေကြပြီး ဥပဒေကို မျက်ကွယ်ပြုထားတယ်လို့ အလုပ်သမား သမဂ္ဂကပြောပါတယ်။

သမဂ္ဂခေါင်းဆောင်တဦးကတော့ “အဓိကပြောချင်တာ Brand တွေပေါ့။ သူတို့အပ်တဲ့ စက်ရုံပိုင်ဆိုင်တွေက အခုလိုမျိုး ကလိမ်ကကျစ်နဲ့ ကူလီကူမာ လုပ်နေကြပြီး အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေကြတာကို ဖုံးကွယ်ပေးထားပြီး ငါတို့ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဘာဖြစ်လို့ နောက်ဆုတ်ပေးတယ်။ ဘာညာနဲ့ လူကြားကောင်းတဲ့ စကားလုံးတွေနဲ့ ပြောနေတာကို ကျနော်တို့က ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ တကယ့် သူတို့စိတ်ရင်းစိတ်မှန်က မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေ အပေါ်မှာ ကုပ်သွေးစုပ်ပြီး ကျူးလွန်နေကြတာနော်။ ဒါကို လူသားတယောက်လိုမြင်ပြီး အလုပ်သမား အခွင့်အရေးကို ပေးမယ်ဆိုရင် ဒီလိုလုပ်နေစရာမလိုဘူး။ ဥပဒေနဲ့အညီပဲ လုပ်ရမှာပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနက အမှုထမ်းတွေက ဒါတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ကြဘူး။ အလုပ်ရှင်တွေဘက်က ဥပဒေမဲ့ ချိုးဖောက်နေတာကို ဘာတခုမှ မကိုင်တွယ်နိုင်ဘူး။ သူတို့က အလုပ်ရှင်ကို ဖော်လံဖားလုပ်နေကြပြီး ရသမျှကို ကြိတ်ယူနေကြတယ်” လို့ ပြောပါတယ်။

Yangon Fukuyama Apparelအထည်ချုပ်စက်ရုံဟာ ကိုယ်ပိုင် Brand နဲ့ချုပ်လုပ်နေတဲ့ စက်ရုံမဟုတ်ဘဲ မင်္ဂလာဒုံမြို့နယ်ရှိ GSL စက်ရုံက အော်ဒါတွေကိုယူပြီး ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး အခုလို အလုပ်သမားတွေအလုပ်ဖြုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

12 mins Ago

November 24, 2022

Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Yangon Fukuyama Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အဆိုပါစက်ရုံမှာ စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားက မြန်မာဝန်ထမ်းတယောက်ကို  ၃ လတာ ကာလအတွင်းမှာ နာမကျန်းခွင့် ၃ ရက် ယူတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာဝန်ထမ်းဟာ လုပ်ငန်းခွင်ကာလမှာ ကျန်းမာရေးမကောင်းလို့  ၁ လကို ခွင့် ၁ ရက် ယူခဲ့ပြီး ၃ လတာကာလအတွင်းမှာ ခွင့် ၃ ရက် ယူခဲ့တဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားဘက်က  သတိပေးလက်မှတ်ထိုးပေးခဲ့ရပြီးနောက် အလုပ်ရှင်က မြန်မာအလုပ်သမားကို အလုပ်ကနေ ထုတ်ပစ်လိုက်ပါတယ်။

ဒါဟာ ဥပဒေအရ အကျုံးမဝင်တာကြောင့် လုပ်ငန်းရှင်ဘက်က ပြန်လည်ဖြေရှင်းပေးရမယ်လို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “ဒီဝန်ထမ်းက အလုပ်သင်လည်း မဟုတ်ဘူး။ အစမ်းခန့်လည်း မဟုတ်ဘူး။ အမြဲတမ်းဝန်ထမ်းပေါ့။ လစာအနေနဲ့ ၂ သိန်း ၂ သောင်း ရတယ်။ ဒါပေမဲ့ သူက ခွင့်ပေါ့။ ခွင့်က အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တို့ ရရန်ရှိတာတွေကို လုပ်ငန်းရှင်က မပေးဘူး။ ပြီးတော့ သူက ကျန်းမာရေးကြောင့် တလကို တရက်ပဲ ခွင့်ယူခဲ့တာ။ အဲ့ဒါ သုံးလမှာ သုံးရက် ယူလို့ ဆိုပြီး အလုပ်ရှင်က warning ထိုးခိုင်းတယ်။ ဒီနေရာမှာ warning ဆိုတာက ကြီးလေးတဲ့ ပြစ်မှုကို ထိုးတဲ့ warning နဲ့ သာမန်ကိစ္စကို ထိုးတဲ့ warning ဆိုပြီး ရှိတယ်။ သာမန်ကိစ္စကို ထိုးတဲ့ warning မှာ warning သုံးကြိမ် ပြည့်ပြီးသွားမှ warning ကြီး တခါ ယူရတာနော်။ ဆိုတော့ ဒီကိစ္စက warning ထိုးရလောက်တဲ့ ကိစ္စ မဟုတ်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ ရပိုင်ခွင့် ရှိတဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အဆိုပါအထည်ချုပ်စက်ရုံဟာ အလုပ်ရှင်နဲ့အလုပ်သမားအကြားချုပ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားထံ မပေးပဲ အလုပ်ရှင်ကသာ သိမ်းဆည်းထားတဲ့အပြင် အလုပ်သမားဥပဒေ မှာဖော်ပြပါရှိတဲ့ ခွင့်နဲ့ဆိုင်ရာ ခံစားခွင့် တွေကို မျက်ကွယ်ပြု ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေပညာရှင်တဦးက “အလုပ်သမားဥပဒေအရ ခွင့်က ရှောင်တခင် ခွင့် ၆ ရက် ရှိတယ်။ လုပ်သက်ခွင့် ၁၀ ရက် ရှိတယ်နော်။ တကယ်လို့များ ဒီခွင့် ရက်တွေ ကုန်ဆုံးသွား တယ်ထားဦး။ အလုပ်သမားက ခွင့် တိုင်တယ်ဆိုရင်တောင် ဒါက ခွင့်မဲ့ မဟုတ်ဘူးနော်။ ဒါက အလုပ်သမားတွေရဲ့ အခြေခံ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေး ဖြစ်တာကြောင့် ဒီခံစားခွင့်တွေက ပေးကို ပေးရမှာ ဖြစ်တယ်။ နောက်တချက်က အလုပ်သမားတွေဆီမှာ ဘာကြောင့် EC စာချုပ် မရှိရတာလဲ။ လုပ်ငန်းရှင်က အလုပ်သမား လက်ထဲကို EC စာချုပ် ပေးရမယ်ဆိုတာ မသိတာလား။ ဒါမှမဟုတ် ဘာကြောင့်မပေးတာလဲ ဆိုတာ မေးစရာရှိတယ်။ တချို့လည်း သိသိကြီးနဲ့ မပေးတာမျိုး ရှိတယ်နော်။ ထားပါတော့။ အခုတော့ ဒီကိစ္စကို အလုပ်သမားရေးရာညွှန်ကြားမှုဦးစီးဌာနဆီ လှမ်းမေးထားတယ်။ ဒါပေမဲ့ အခုအချိန်ထိ တစုံတရာ ဘာတခုမျှ ပြန်ပြောလာတာ မရှိသေးဘူး” လို့ ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အဆိုပါအထည်ချုပ်စက်ရုံဟာ အလုပ်သမားဝန်ထမ်းပေါင်း ၅၀၀ နီးပါး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး Yangon Fukuyama Apparel အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို မျက်ကွယ်ပြုထားပြီး နည်းလမ်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

3 weeks Ago
Up