ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေကို ည ၈ နာရီအထိ ပြေးဆွဲနေရာကနေ ည ၁၀ နာရီအချိန်အထိ တိုးချဲ့ပြေးဆွဲသွားဖို့ အကြောင်းကြားထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ထုတ်ပြန်ပါတယ်။
အရင်က ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ထုတ်ပြန်ထားတာကြောင့် YRTC စီမံမှုအောက်မှာရှိတဲ့ YBS ကုမ္ပဏီတွေဟာ ခရီးသည်တင်ယာဉ်တွေကို ည ၈ နာရီအထိသာ ပြေးဆွဲပေးနေတာပါ။
အခုအခါ ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တာကြောင့် ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေစေဖို့ ည ၁၀ နာရီအထိ အချိန်တိုးချဲ့ပြေးဆွဲဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို အကြောင်းကြားထားတာ ဖြစ်တယ်လို့ YRTCက ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်း ၁၁၈ လိုင်းကနေ ယာဉ်အစီးရေ ၃၀၀၀ ကျော် ပြေးဆွဲပေးနေပြီး နေ့စဉ် ခရီးသည် ခြောက်သိန်းဝန်းကျင် စီးနင်းနေတယ်လို့ YRTCကနေ ထုတ်ပြန်ထားပါတယ်။
လာမဲ့သင်္ကြန်ကာလအတွင်းမှာ YBS ယာဉ်အစီးရေကို ပုံမှန်ထက် သုံးပုံတစ်ပုံ သာ လျှော့ချပြေးဆွဲကြဖို့နဲ့ သင်္ကြန်အတွင်း သတ်မှတ်ယာဥ်စီးခနှုန်းထားထက် ပိုမကောက်ကြဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို YRTC ကအသိပေး အကြောင်းကြားထားပါတယ်။