close

YBS

close

May 6, 2023

လှည်းတန်းတွင် YBS ဘတ်စ်ကားတက်ကြိတ်မိပြီး အမျိုးသမီး ၁ ဦး သေဆုံး

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးမှာ မေ ၆ ရက် မနက်ပိုင်းက ကားလမ်းကူးတဲ့ အမျိုးသမီး တယောက်ကို YBS 61  ဘတ်စ်ကားက တက်ကြိတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနက် ၉ နာရီခွဲလောက်က လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းဘက်ကနေ လမ်းတစ်ဖက်ကို ကားလမ်းကူးရာကနေ အင်းစိန်ဘက်ပြန်မယ့် YBS 61 က မီးပွိုင့်ကို ဖြတ်မောင်းလာချိန် ဝင်တိုက်မိတာပါ။ 

လှည်းတန်း၊ အင်းစိန်လမ်းမပေါ်မှာ လူကူးခုံးကျော်တံတားရှိပေမဲ့ စစ်ကောင်စီဘက်က ဖြတ်သန်းခွင့် ပိတ်ထားတာကြောင့် ယာဉ်ကြောရှုပ်တဲ့ လမ်းမပေါ်မှာ လမ်းဖြတ်ကူး နေကြရပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက "ကောင်မလေးက လမ်းဖြတ်ကူးရင်းနဲ့ YBS က အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာ၊ သူက ကားအောက်ထဲရောက်သွားပြီး ခါးကြိတ်မိသွားတာ၊ အသက် ၁၈ လောက်ပဲ ရှိမယ်" လို့ ဆိုပါတယ်။

သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်‌နေအသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် ကားရှေ့ဘီးထဲ ခါးဝင်သွားကာ လည်ဂုတ် ထိခိုက် ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရရှိထားပြီး YBS 61 ယာဉ်မောင်းကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရတဲ့အပြင် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

YBS 61 ဟာ လှိုင်သာယာမြို့နယ် အနောက်ပိုင်း တက္က သိုလ်ကနေ ဆူးလေအထိ အင်းစိန်လမ်းမကို ဖြတ်သန်းပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး လူသေဆုံးထိခိုက်မှုအ တွက် ယာဉ်လိုင်းဘက်က ဘယ်လို ဆောင်ရွက်ပေးမလဲ မသိရသေးပါဘူး။ 

၂၀၂၃ ဧပြီ ၃၀ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီးမှာ လမ်းဖြတ်ကူးသူ စက်ရုံဝန်ထမ်းတစ်ဦးကို YBS 92 က ဝင်တိုက်ခဲ့လို့ လူသေဆုံးခဲ့ပါတယ်။

7 hours Ago

May 1, 2023

ပုလဲလမ်းဆုံအနီး အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦး YBS ဘတ်စ်ကား တိုက်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲလမ်းဆုံအနီး ကုဋေကြွယ်လက်ဖက်ရည်ဆိုင် အရှေ့ အမှတ် (၃) လမ်းမပေါ်မှာ ဧပြီ ၃၀ ရက် ညနေပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် တယောက် ကို YBS 92 က တိုက်မိကာ တက်ကြိတ်မိတာကြောင့် သေဆုံးသွားတယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ 

အသက် ၂၅ ဝန်းကျင်ခန့်ရှိ အမျိုးသမီးငယ်ဟာ စက်ရုံဆင်းချိန် ညနေ ၅ နာရီလောက်မှာ ကားလမ်းဖြတ်ကူးရာမှ YBS 92 က ဝင်တိုက် တက်ကြိတ်တာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာပါ။ 

သေဆုံးသူဟာ စစ်ကိုင်း၊ မုံရွာမြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်မှာ အဒေါ်ဖြစ်သူနဲ့နေထိုင်ကာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦး "ပုလဲလမ်းဆုံနားမှာ အထည်ချုပ်ကနေ အလုပ်ပြန်လာရင်း လမ်းဖြတ်ကူးတယ်။ အဲဒီနေရာမှာ လမ်းကွေ့မယ့်ကားက ရှိတယ်။ အဲဒါကို YBS ၉၂ က ပတ်ကျော်တယ် ပြောတယ်။ ကောင်မလေးကို တိုက်မိတယ်။ ကျော်ရင်းနဲ့ တက်ကြိတ်သလို ဖြစ်သွားတာ”လို့ ပြောပါတယ်။ 

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ပုလဲလမ်းဆုံအနီးနေရာက စက်ရုံဆင်းချိန်ဆို ယာဉ်ကြောပိတ်ဆို့ကာ ယာဉ်မတော်တဆမှုအတွက် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

လူကို ဝင်တိုက်ခဲ့တဲ့ YBS 92 က ယာဉ်မောင်းကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

5 days Ago
Up