close

YBS 6 ကား

close

September 12, 2022

တောင်ဥက္ကလာပတွင် YBS 6 ကား ရိုက်နှက်ဖျက်ဆီးခံရ၊ ၃ ဦး ဒဏ်ရာရ

တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက် ပါရမီ-ညောင်ပင်မှတ်တိုင်မှာ ဒီကနေ့ ညနေပိုင်းက YBS 6 ခရီးသည်တင်ယာဥ်ကို အမည်မသိလူအုပ်စုက ဝိုင်းရိုက်ဖျက်ဆီးခဲ့ရာ ယာဥ်ပေါ်ပါလာသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ညနေသုံးနာရီခွဲက ပါရမီ-ညောင်ပင်မှတ်တိုင်မှာ YBS 6 ကားကို အသင့်စောင့်နေတဲ့ အမည်မသိ လူအုပ်စုက ဝိုင်းရိုက်ဖျက်ဆီးခဲ့ရာ ယာဥ်ပေါ်ပါသူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကားနဲ့ ပြဿနာတက်လာတာ နေမယ်။ အဲဒီလူတွေကို မမြင်ဖူးဘူး။ မှတ်တိုင်ကနေ စောင့်ပြီး တုတ်တွေနဲ့ ကားမှန်တွေကို ရိုက်တာ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ပရဟိတအဖွဲ့က ကူညီပေးနေတာ တွေ့တယ်။” 

လူအုပ်စုနဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ရွှေမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ကားသွားရင်းနဲ့ ရိုက်နှက်နေတာတွေ့လို့ စောင့်ကြည့်နေတာ။ ခရီးသည်တွေ ပိတ်နေတယ်။ အဲဒီအချိန်မှာ သားအမိနှစ်ယောက် ကားပေါ်က ခုန်ချတာ။ ကလေးအမေက မှန်ကွဲစတွေနဲ့ထိပြီး ခြေထောက်ထိသွားတယ်။ ကလေးကတော့ ဒဏ်ရာနည်းနည်းပဲရတယ်။”

ကားကို ရိုက်နှက်ဖျက်ဆီးနေချိန် ကားအတွင်းကို မှန်ကွဲစတွေ လွင့်စဉ်ကာ ကားပေါ်လာပါသူ အမျိုးသား ၂ ဦးလည်း မှန်ကွဲစတွေ ထိခိုက်မိတယ်လို့ ဆိုပါတယ်။

“ဆေးရုံတော့ မတင်ရဘူး။ အသင်းက အရေးပေါ်ကုသမှုတွေ လုပ်ပေးလိုက်လို့ အိမ်ကို ပြန်သွားပါပြီ။ ဒဏ်ရာတွေတော့ ရတာပေါ့။” 

YBS 6 ခရီးတင်ယာဥ်ဟာ တောင်ဒဂုံ ၈၉ လမ်းဆုံမှ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးဝင်းကို ပြေးဆွဲပေးနေတဲ့ ခရီးသည်တင်ယာဥ် ဖြစ်ပါတယ်။ 

2 mins Ago
Up