စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်တော့မှာဖြစ်တဲ့အတွက် မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းက စာသင်ကျောင်း တွေ ပိတ်ထားပေးဖို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြှင့် တင်ဖို့ ကျောင်းသား၊ ကျောင်းသူတွေကို ထိခိုက်နစ်နာမှု မရှိစေရေး ကြိုတင်သတိပေးရတာလို့ ရေးမြို့နယ်(YPDF)တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
ရေးမြို့နယ်ကမြောက်ပိုင်းဒေသတွေဖြစ်တဲ့ မော့ကနင်၊ လမိုင်း၊ ကော့ဒွတ်၊ နှစ်ကရင်နဲ့ သောင်ပြင် ကျေးရွာတွေမှာတော့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်မှာ ကျောင်းသား ထောင်ချီ ပညာသင်ကြားနေတာကြောင့် အခုလို သတိပေးရတာလို့ ဆိုပါတယ်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် ရာသီအလိုက်ပျော်ပွဲရွှင်ပွဲတွေကို အခြားနေရာ ထက် ရေးမြောက်ပိုင်းဘက်က နေရာတွေမှာ ပိုမိုလုပ်ဆောင်နေတာတွေရှိတဲ့အတွက် ပစ်ခတ်မှု တွေ ဖြစ်လာနိုင်တာကြောင့် သတိရှိပြီးသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရေးမြို့နယ်ကို စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပြီး ရေးမြောက်ပိုင်း သံဖြူဇရပ် ရေး ကားလမ်းမှာ အများဆုံးတိုက်ခိုက်ခံနေရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ပျူစောထီးတွေနဲ့ စစ်ကောင်စီ သတင်းပေးတွေက လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး ဆက်ကြေးကောက်ခံနေတာကြောင့် လောင်းကစားဝိုင်းတွေကို ဖျက်သိမ်းကြဖို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဇွန် ၂ ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက "ရွာငံမှာ အာဏာသိမ်းပြီးနောက် လောက်ကစားဝိုင်းတွေ များသထက် များလာပါတယ်။ ဂျင်ဝိုင်းတို့ ဂုန်းကင်းတို့ အစုံပါပဲ။ ဒိုင်တွေက အများအားဖြင့် စစ်ကောင်စီသတင်းပေးတွေနဲ့ ပျူစောထီးတွေ များပါတယ်။ စစ်တပ်နဲ့ နီးစပ်ပတ်သက်တဲ့သူတွေက ဦးစီးပြီးလုပ်နေတာ။ သူတို့လုပ်ရပ်ကြောင့် လူငယ်တွေရဲ့ အကျင့်စာရိတ္တ ပျက်စီးစေပါတယ်။ ပြီးတော့ စစ်ကောင်စီကို ဆက်ကြေးပေးနေတဲ့အတွက် စာထုတ်အသိပေးလိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လောင်းကစားဝိုင်းပြုလုပ်နေတဲ့ဒိုင်တွေ၊ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အသိပေး ကြေညာချက်ကို လိုက်နာဆောင်ရွက်မှုမရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကောင်းမှုမှန်သမျှ အကုန်လုံးကို တိုက်ထုတ်ရမှာဖြစ်တယ်လို့ ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။