close

Zara

close

July 26, 2022

Zara နှင့် H&M အပါအဝင် ကမ္ဘာ့နာမည်ကြီးတံဆိပ် အထည်ချုပ်လုပ်ငန်းများ မြန်မာပြည်မှ ထွက်ရန် တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းက အထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ Zara နဲ့  H&M အပါအဝင် ကမ္ဘာ့နာမည်ကြီး အထည်အလိပ်လုပ်ငန်းတွေဟာ ပျက်ကွက်နေကြတယ်လို့ ပြည်ပအခြေစိုက် စီးပွားရေးနှင့်လူ့အခွင့်အရေးအရင်းအမြစ်ဌာနကပြောတဲ့အကြောင်း  South China Morning Post  သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖွဲ့အစည်းက သူတို့နဲ့ ကာလရှည်စွာ လက်တွဲခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြန်မာအထည်ချုပ် ကဏ္ဍမှ လုပ်သား ၆၀,၈၀၀ လောက်ဟာ အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၀၄ မှုတို့ အပေါ် အချက်အလက်စုဆောင်းပြီး အစီရင်ခံစာ တစောင် ထုတ်ပြန်ထားတာပါ။

အဆိုပါအစီရင်ခံစာအရ နိုင်ငံတဝန်းရှိ  မြန်မာအထည်ချုပ်လုပ်သားတွေဟာ အလုပ်သမား ရပိုင်ခွင့် နဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေက တစတစနဲ့ ကြီးထွားလာနေတယ်လို့ မီးမောင်းထိုး ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို ပြုစုတဲ့နေရာမှာ အထည်ချုပ်စက်ရုံပေါင်း ၇၀ ရှိတဲ့အနက် ကမ္ဘာ့နာမည်ကြီး ကုန်အမှတ်တံဆိပ် အထည်အလိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံပေါင်း ၃၂ ရုံမှ အချက်အလက်တွေကိုလည်း ထည့်သွင်းထားပါတယ်။

နာမည်ကြီးအထည်အလိပ် တွေကိုချုပ်လုပ်ပေးနေတဲ့ စာရင်းထဲမှာ Adidas ၊ Inditex (Zara and Bershka) ၊ Fast Retailing (Uniqlo) ၊ Hennes & Mauritz (H&M) ၊ Primark အမှတ်တံဆိပ် တွေပါဝင်နေတာ တွေ့ရပါတယ်။

စီးပွားရေးနဲ့ လူ့အခွင့်အရေးအရင်းအမြစ်ဌာနမှ အဖွဲ့ခေါင်းဆောင် အလီရှာခမ်ဘေးက “နာမည်ကြီးအမှတ်တံဆိပ်တွေ နိုးကြွဖို့ လိုပါပြီ။ ပကတိအခြေအနေဟာ လက်ခံနိုင်လောက်တဲ့ လုပ်ငန်းခွင်အခြေအနေကောင်း မဟုတ်လို့ မြန်မာပြည်ကနေ ထွက်ခွာကြဖို့အတွက်လည်း မကြန့်ကြာသင့်တော့ပါ။ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ပြီး အလုပ်သမားနဲ့ အလုပ်အကိုင်တွေအတွက် အကာအကွယ် ပေးနိုင်မယ်လို့လည်း မမျှော်လင့်ပါနဲ့။ ထပ်ခါ တလဲလဲ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း နာမည်ကြီးအမှတ်တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ အလုပ်သမားရပိုင်ခွင့်ကို ဖောက်ဖျက်ဖို့အတွက် သူတို့ ဖွဲ့စည်းပေးထားတဲ့ အယောင်ဆောင်သမဂ္ဂနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်ကိုင်နေတာ ရှိပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အဲဒီ့စက်ရုံဆိုရင် PEP&CO နဲ့ Primark နာမည်ကြီး အမှတ်တံဆိပ် အထည်တွေကို ချုပ်လုပ်ပေးနေတာ။ Primark ဆိုရင် ထွက်သွားပြီဆိုတဲ့ ကုန်အမှတ်တံဆိပ်နော်။ ပြောချင်တာက ဒီနာမည်ကြီးအမှတ်တံဆိပ်တွေဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို လိုက်နာပါမယ်၊ မတားဆီးပါဘူး၊ စက်ရုံမှာလည်း အလုပ်သမားတွေသမဂ္ဂ ဖွဲ့တာကို မကန့်ကွက်ဘူး၊ အားပေးပါတယ်ပေါ့။ ဒါပေမဲ့ အမှန်တကယ် သူတို့လုပ်နေတာက အယောင်ဆောင်သမဂ္ဂ (Yellow Union) ဖွဲ့ပြီးတော့ လုပ်နေတာ။ ဆိုတော့ သမဂ္ဂဖွဲ့ခြင်း၊ မဖွဲ့ခြင်းဟာ အလုပ်သမားတွေနဲ့ဘဲ သက်ဆိုင်တယ်။ အလုပ်ရှင်တွေနဲ့ မသက်ဆိုင်ဘူး။ ဒီအပေါ်မှာ အလုပ်ရှင်တွေက ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခွင့်မရှိသလို ဖျက်ဆီးခွင့်လည်း မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဒီစက်ရုံဟာ အထည်ချုပ်လုပ်သးတွေကို အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေးအား ပြည့်ပြည့်ဝဝ မပေးတာကြောင့် ဝန်ထမ်းတွေဟာ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ ဆုံးရှုံးနေရပါတယ်။

အထည်ချုပ်ဝန်ထမ်းတဦးက “အချိန်ပိုတွေ ခေါ်ပြီး အလုပ်သမားတွေကို ထိုက်သင့်တဲ့ လစာ မပေးဘူး။ မပေးတဲ့အပြင် ဘာလုပ်လဲဆိုတော့ အယောင်ဆောင်သမဂ္ဂ(Yellow Union)တွေနဲ့ ပေါင်းပြီး အလုပ်သမားတွေဆီက Gate Pass ထွက်လို့ရှိရင် အဲဒီ Gate Pass အတွက် ပိုက်ဆံဖြတ်တယ်။ အဲ့ဒါကလည်း ဘယ်သူတွေကို ဖြတ်လဲဆိုရင် အလုပ်သမားတွေက ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေဆိုရင် ဖြတ်တယ်။ ဘယ်လောက်အထိ ဖြတ်လဲဆိုရင် လစာ ထုတ်တဲ့အခါ ခြောက်သောင်းကနေ ရှစ်သောင်းအထိ အဖြတ်ခံရတယ်။ အဲဒီပြဿနာအတွက် အလုပ်သမားရုံးမှာ သွားရောက် ဖြေရှင်းကြတယ်။ ဒါပေမဲ့ ရှင်းရှင်း ပြောရင် စက်ရုံပိုင်ရှင်က စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ရွှေပြည်သာမြို့နယ်က အလုပ်သမားရုံးတွေနဲ့ ပေါင်းပြီးတော့ ခေါင်းပုံဖြတ်ဖိနှိပ်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အား ၇ သိန်းခန့် ရှိပြီး အများစုက ကျေးလက်မိသားစုတွေဆီ ထောက်ပံ့ပေးနေတဲ့ အမျိုးသမီးငယ်တွေပါ။

ဒါပေမဲ့စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာတင် အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံး ခဲ့ရပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်လောက်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံနေရတဲ့အကြောင်း  (ILO) က ပြောဆိုထားပါတယ်။

ကိုးကား-  South China Morning Post

1 min Ago
Up