မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၅၀၊ လမ်း ၃၀ ဘီရှိ Zeus ဘားမှာ ဒီဇင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဘားလုံခြုံရေးဝန်ထမ်းတချို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
Zeus ဘားကို NGU:FF မြေခွေးတပ်ဖွဲ့၊ Anonymous Force MDY၊ VOMDY - Front Warrior၊ Truth Kepping Force တို့က အဝေးထိန်းနဲ့ ဖောက်ခွဲသတိပေး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Zeus ဘားမှာ မူးယစ်ဆေးရောင်းဝယ်တာနဲ့ ကလပ်အတွင်း မူးယစ်ဆေးသုံးစွဲခွင့် ပြုပေးထားတာ၊ အသုံးပြုခွင့်ရဖို့ စစ်တပ်ကို ဆက်ကြေးပေးတာ၊ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ သက်သေတွေကြောင့် ဖောက်ခွဲသတိပေးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူထိခိုက်မှုမရှိစေဖို့အတွက် လူရှင်းတဲ့ နေ့လယ်ခင်းအချိန်မှာ ဆောင်ရွက်ခဲ့တာလို့ VOMDY - Front Warrior က ထုတ်ပြန်ထားပါတယ်။
မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်၊ ၅၅ လမ်းနဲ့ ၃၂ လမ်းထောင့်ရှိ သင်္ကြန်ပါတီပွဲ ကျင်းပတဲ့ Zeus Bar ကို Rangers of Mandalay အဖွဲ့က ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းက သတိပေးတဲ့အနေနဲ့ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“Bar တွေကို ဘာလို့တိုက်ခိုက်ရတာလဲဆိုတော့ စစ်ကောင်စီကို တရက်တရက် အခွန် သိန်း ရာချီပေးနေလို့ပါ။ ရေပေါ်ဆီတွေကလည်း သွားကြတယ်။ ဒါကြောင့်သတိပေးတာပါ” လို့ Ranger of Mandalay အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် Zeus Bar ဝန်းအတွင်း ရပ်ထားတဲ့ ကားတွေ ထိခိုက်မှုရှိနိုင်ပြီး လူထိခိုက်မှုရှိ၊ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီကို ကျည်ဆန်ဖိုးပေးနေတဲ့ Bar တွေကို သတိပေးတိုက်ခိုက် သွားမယ်လို့ ပြောထားပါတယ်။