ဟန်နွေ/People’s Spring
မကွေးတိုင်း ထီးလင်းမြို့ စစ်ကောင်စီ အထိုင်တပ်မှ တပ်သားတစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်းက သတင်းထုတ်ပြန်သည်။
ဩဂုတ် ၂၈ရက်တွင် ထီးလင်း အထိုင်တပ်မှ တပ်သား ဟိန်းသူအောင်သည် ၎င်း၏ အထက်အရာရှိသဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစားစနိုက်ဘာသေနတ်တလက်အား ယူဆောင်ကာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းထံသို့ CDM ပြုလုပ်ဝင်ရောက်ခဲ့ဟု ဖော်ပြထားသည်။
ထိုသို့ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် တပ်သားကို ဆုကြေးငွေ ၆၅ သိန်းပေးအပ်ပြီးလွတ်မြောက်နယ်မြေတနေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း အသိပေးသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်မိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်များအား အသက်ပေးကာကွယ်ရန်မထိုက်တန်ကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် အကြမ်းဖက်စစ်တပ်မှတပ်သား၊အရာရှိအဆင့်ဆင့်များ နားလည်သဘောပေါက်၍ပြည်သူကိုမျက်နှာမူ CDM ပြုလုပ်ကြရန်လည်း YRA-ထီးလင်းက တိုက်တွန်းခဲ့သည်။
ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်သားများက တော်လှန်ရေးအဖွဲ့များထံအလင်းဝင်မှုများလာသည်။ဩဂုတ်လတွင်ချင်းပြည်နယ် ထန်တလန်၊ တွန်းဇံ နှင့် ဟားခါး မြို့များရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံသို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်နှင့်အတူ အလင်းဝင်ရောက်မှုများ ရှိခဲ့သည်။