close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချို တောင်ခမ်းရှိအမြောက်တပ်ရင်း ၂ရင်း သိမ်းပိုက်ထားဟု TNLA အသိပေး

တိုက်ပွဲဆက်လက်ပြင်းထန်နေဟု ဆို

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်ရင်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဟု တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်း၌ အသိပေးထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၆၆ရက်မြောက် စစ်ရေးသတင်းများဖော်ပြရာ၌ အမြောက်တပ်ရင်း နှစ်ခု သိမ်းပိုက်နိုင်ခြင်းအား အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

ယနေ့ (သြဂုတ် ၂၉ရက်)တွင်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ (၉၀၂) တပ်ရင်းနှင့် အမတ(၃၄၅)တပ်ရင်းအနီးတဝိုက်နှင့် မကျီးရေရွာဘုန်းကြီးကျောင်းတို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားလျက်ရှိသော (၉၀၂)တပ်ရင်းတွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် (၃)ကြိမ် ၊ ဗုံး (၁၅၀) လုံး၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် တစ်ကြိမ်နှင့် သကြားစက်ရုံတွင် နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲပြင်းထန်နေသည့် (၉၀၂)တပ်ရင်း၏ ဗဟိုကင်းအပါအဝင် နေရာအများစုကို TNLAက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်ပြီး မြေပြင်စစ်ကူ အမြန်ရောက်ရန်လိုအပ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သူအချို့က လူမှုကွန်ရက်၌ ရေးသားထားသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်းသုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆) တို့တည်ရှိပြီး အဆိုပါတပ်စခန်းများအား တအာင်းတပ်မတော်(TNLA)နှင့် PDFပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းများအနက် မစခ-၉၀၂၊ အမတ(၂၀၆)နှင့် အမတ(၄၀၆)တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး အမတ(၃၅၄)တပ်ရင်း တစ်ခုသာကျန်ရှိတော့သည်ဟု သိရကြောင်း လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

” သုံးခုရပြီ သိရတယ်။ ရဲဘော်တွေနဲ့ အဆက်အသွယ်ရတယ်။ သုံးခုရပြီလို့ ပြောတယ်”ဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

နောင်ချိုဒေသခံတစ်ဦးကလည်း ” ပြီးသလောက်ဖြစ်နေပြီတဲ့။ ဒလန်နဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်ကြားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

နောင်ချိုမြို့ကို TNLAက ဇူလိုင်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက နောင်ချို ပြန်ရရေး ကြိုးပမ်းမှုများကြောင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အ​မတ (၃၅၄)တပ်ရင်းတစ်ခုသာကျန်ရှိ​တော့ဟု ကနဦးသတင်းရရှိ

သတင်း

မစခ(၉၀၂)တပ်ရင်း ဗဟိုကင်းအပါအဝင် ၉၀ ရာခိုင်နှုန်းကျရှုံးကာ ဆုတ်ခွာရန် စုဖွဲ့နေဟုဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့​နှင့် မိုင် ၂၀ ခန့်ကွာ​ဝေး​သော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

မိုးကုတ် တွင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေး အဆင်ပြေအောင် ကြိုးပမ်းမည်ဟု အသိပေး

Facebook