ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွပျူစောထီးကျေးရွာအား လေကြောင်းဖြင့် လာပို့သည့် ရိက္ခာထုပ်များအား PDF ရဲဘော်များက ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (သြဂုတ် ၃၁ရက်)နံနက်ပိုင်းက မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးရွာအား Y-12စစ်ထောက်ပို့ယာဥ်ဖြင့် ရိက္ခာအထုပ်ရေ ၅၀ခန့်ချခဲ့ရာ ဆန်၊ပဲဆန်၊ငါးခြောက်၊ဆေးလိပ်နှင့် အသင့်စား ဆန်ပြုတ်ထုပ်များအား နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့ကြောင်း G.O.E. Revolution Forceအဖွဲ့က ပြောသည်။
“သူတို့ချတာတွေကို နယ်မြေရှင်းလင်းရင်း ဦးအောင်ယူလိုက်တာ။ ရွာထဲမကျတဲ့ဟာတွေပေါ့”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက ပြောသည်။
ထိုသို့ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီကင်းပုန်းများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆိုသည်။
အဆိုပါစစ်ဆင်ရေးအား G.O.E. Revolution Forceနှင့် ဓားမင်းကြီးအဖွဲ့၊ဗိုလ်လင်းမြွေအဖွဲ့၊ဗိုလ်စတီးအဖွဲ့၊မြိုင်ပ.က.ဖတပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သရက်ကွပျူစောထီးကျေးရွာအပါအဝင် မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝိုင်းပိတ်ဆို့တိုက်ခိုက်နေ၍ ပျူစောထီးရွာများ ရိက္ခာပြတ်တောက်နေကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။
ဩဂုတ် ၈ ရက်ကလည်း မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်။