ရေဘေးသင့်ဒေသများတွင် ရေစီးနှင့်မျောပါသွားသည် ကျွဲ၊နွားများအား ကယ်ဆယ်တွေ့ရှိထားသူ များက ငွေဖြင့် ပြန်ရွေးယူခိုင်းသည့် ဖြစ်စဉ်များရှိနေပြီး ယင်းလုပ်ရပ်သည် ထောင်ဒဏ် ၂ နှစ်အထိ အလွဲသုံးစားမှုဖြစ်၍ တရားစွဲဆိုတိုင်တန်းနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောသည်။
ယာဂီမုန်တိုင်းကြောင့်အရှိန်ကြောင့် မိုးကြီးပြီးရေဘေးကြုံတွေ့ခဲ့သည့် နေပြည်တော်၊ မန္တလေးတိုင်းတို့မှ မြို့နယ်အချို့တွင် ရေစီးနှင့်မျောပါသွားသည့်ကျွဲ၊နွားများအား ဆယ်ယူထားသူအချို့က ပိုင်ရှင်များထံမှ အတင်းအကြပ်ငွေတောင်းခံမှုများရှိနေခြင်းဖြစ်သည်။
“ကျတော့်နွားတွေဆိုတစ်ကောင် ၃သိန်းနဲ့ လေးကောင်ပြန်ရွေးယူရတယ်။ တချို့သူတွေဆို နွားတွေကိုဖွက်ထားတယ်။ ကိုယ့်နွားရှိနေမှန်းသိရက်နဲ့ ကြည့်ခွင့်မပေးလို့ပြန်မရတဲ့သူတွေတောင်ရှိတယ်”ဟု နေပြည်တော် တပ်ကုန်းမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။
နေပြည်တော်တွင် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့၌ ရေဘေးကြုံခဲ့ပြီး ဒေသခံလယ်သမားများသည် ကျွဲ၊နွားအများအပြား ပျောက်ဆုံးခဲ့ကြသည်။
“တော်တော်များများ ပြန်ရွေးယူရတယ်ဗျ။ ပြန်မရွေးရသူ နည်းနည်းပဲရှိတယ်။ ဒီနေ့အထိ ရှာမတွေ့တာတွေလည်းရှိတယ်” ဟု တပ်ကုန်မြို့မှ လယ်သမားတစ်ဦးကလည်း People’s Spring သို့ပြောသည်။
မန္တလေးတိုင်း မြစ်သား၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ဝမ်းတွင်းမြို့နယ်တို့တွင်လည်း ရေဘေးအတွင်း ကျွဲ၊နွားများ သေဆုံး၊ ပျောက်ဆုံးမှု များပြားခဲ့သည်။ အဆိုပါ မြို့နယ်များမှ လယ်သမားများသည် ပျောက်ဆုံး ကျွဲ၊နွားများ ပြန်ရ ရေးအတွက် နေပြည်တော်ကဲ့သို့ပင် ငွေပေးပြီးပြန်ရွေးယူကြရသည်ဟု ဒေသခံအချို့ကပြောသည်။
“အကုန်လုံး ဒုက္ခရောက်တော့ ကြံဖန်လုပ်စားနေကြတာ။ ကိုယ့်နွားကိုယ် ပြန်တောင်းတာတောင် ရန်တွေ့ခံရတယ်ဗျ။ ရေအဆုံး ကုန်းတစ်ဝက်ဆိုပြီး တောင်းတော့တာပဲ။ ဘယ်သူကမှလည်း ဝင်ညှိမပေးနိုင်ကြဘူး။ ကျတော့် နွားကို ၂သိန်းနဲ့ ပြန်ရွေးရတာ” ဟု ဝမ်းတွင်းမြို့မှ ဒေသခံတစ်ဦးကလည်းပြောသည်။
အဆိုပါလုပ်ရပ်များသည် တပါးသူ ပစ္စည်းကို မရိုးမဖြောင့် သောသဘောဖြင့် အလွဲသုံးစားမှု ရာဇသတ်ကြီးပုဒ်မ ၄၀၃ မြောက်ကြောင်း CDM တရားရေးအရာရှိတဦးကပြောသည်။
” ဒါက သဘာဝဘေးဗျ။ ရေအဆုံးကုန်းတစ်ဝက်ဆိုတာကို ဓလေ့ထုံးတမ်းသဖွယ်ကျင့်သုံးခဲ့တဲ့စီရင်ထုံးမရှိခဲ့ဖူးပါဘူး။ ဒီလုပ်ရပ်က ဥပဒေအရ အရေးယူလို့ရတယ်။ တရားစွဲလို့ရတယ်” ဟု အဆိုပါ တရားရေးအရာရှိကပြောသည်။
ပုဒ်မ ၄၀၃ တွင် မည်သူမဆို၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့်အလွဲသုံးစား ပြုလျှင်၊ သို့တည်း မဟုတ် မိမိ၏ပစ္စည်း အဖြစ်ပြောင်းလဲခြင်းပြုလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီး ဥပဒေ၌ ဖော်ပြထားသည်။
အဆိုပါအမှုသည် ရဲအရေးမပိုင်၍ နစ်နာသူကာယကံရှင်အနေဖြင့် တရားရုံး၌ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုနိုင်ကြောင်း သိရသည်။
ရေဘေးအတွင်း လက်ရှိစာရင်းများအရ ကျွဲနွားကောင်ရေ ၁၂ သိန်းကျော် သေဆုံးပြီး ပျောက်ဆုံး အရေအတွက်ကို မသိရှိရသေးသေ။သေဆုံးသည့် ကျွဲ၊ နွားများနှင့် အိမ်မွေးတိရိစ္ဆာန်များအားရှင်းလင်းရေးအတွက် အခက်အခဲများ ရှိနေသည်။ သန့်ရှင်းရေးလုပ်ရန်အတွက် လုပ်အားပေးအကူအညီ၊ ကျွမ်းကျင်လုပ်သားများနှင့် စက်ပစ္စည်းများလည်း လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။