အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က အရေအတွက် အတိအကျ မဖော်ပြပေမယ့် တပ်အင်အား အနည်းအကျင်းကို အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်သွားမှာ ဖြစ်ကြောင်း၊ ပြီးတော့ အဲဒီ ထပ်တိုးလာမယ့် တပ်ဖွဲ့ဝင်တွေမှာ တိကျတဲ့ မစ်ရှင်တွေ တာဝန်ယူဖို့ သတ်မှတ်ထားမှာ ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကလို့ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ အခြေစိုက် စခန်းတွေကို အစ္စရေး လေတပ်က အလုံးအရင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို အလေးအနက် စိုးရိမ်လာရပါတယ်။
အစ္စရေးဟာ ဟစ်ဇ်ဘိုလာ လက်နက်တွေ သိုဝှက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူနေ ဧရိယာတွေကိုပါ ဗုံးကြဲနေတာကြောင့် လက်ဘနွန် အရပ်သား ပြည်သူတွေ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၄၉၂ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စာရင်းထဲမှာ လက်နက်ကိုင် ပြောက်ကျားဦးရေ ဘယ်လောက် ပါဝင်သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့ပါဘူး။
သတိကြီးကြီးနဲ့ စီမံဆောင်ရွက်မှုအဖြစ် အမေရိကန်ဟာ ဒေသတွင်းက ရှိရင်းစွဲ တပ်တွေကို အားဖြည့်ဖို့ နောက်ထပ် တပ်ဖွဲ့ဝင် အနည်းငယ်ကို အရှေ့အလယ်ပိုင်းဆီ စေလွှတ်သွားမယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ လေတပ်ဗိုလ်ချုပ် ပက်ထရစ် ရိုင်ဒါက ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ နိုင်ငံတောင်ပိုင်း၊ ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမားစ်ပြောက်ကျားတွေနဲ့ တစ်နှစ်နီးပါး စစ်ခင်းတိုက်ခိုက်ခဲ့တဲ့နောက် စစ်ဆင်ရေးရဲ့ ဗဟိုချက်ကို နိုင်ငံမြောက်ပိုင်းနဲ့ ထိစပ်နေရာ လက်ဘနွန်ဖက်ဆီ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ ဂါဇာစစ်ပွဲ ကာလတလျှောက်လုံးမှာ အစ္စရေးနဲ့ နယ်စပ်ဖြတ်ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ အစ္စရေးရဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်မှုတွေကို စတင် ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
အစ္စရေး စစ်တပ်ကတော့ လက်ရှိ စစ်ရေး ရည်မှန်းချက်ဟာ ရန်သူရဲ့ ဒုံးကျည်ပစ်အားတွေကို လက်ဦးမှုယူ ချေမှုန်းပြီး စစ်ရေး အသာစီး ယူထားဖို့ဖြစ်ကြောင်း၊ အဲဒီအတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် လက်ဘနွန် ပြည်သူတွေဟာ ဟစ်ဇ်ဘိုလာ စစ်ရေးပစ်မှတ်တွေနဲ့ ခပ်ဝေးဝေး နေသင့်ကြောင်း သတိပေး ကြေညာထားပါတယ်။ နောက်ပြီး လက်ဘနွန်ကို လတ်တလောမှာ ခြေလျင်တပ်တွေ ဝင်ရောက်ဖို့တော့ မရှိသေးဘူးလို့လည်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။
အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ဂါဇာပြင်ပထိ ပျံ့နှံ့လာမှာကို မလိုလားဘဲ အစ္စရေး-လက်ဘနွန် နယ်စပ် တင်းမာမှုတွေကို သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းဖို့ ဖိအားပေး တောင်းဆိုနေပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးရဲ့ မဟာရန်သူ အီရန် အနေနဲ့လည်း လက်ဝေခံ လက်နက်ကိုင် အင်အားစု နှစ်ခုဖြစ်တဲ့ ဟားမားစ်ကိုရော၊ ဟစ်ဇ်ဘိုလာကိုပါ အစ္စရေးက အပြင်းအထန် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဝင်မပါဘဲ ဘေးရှောင်နေမလား ဆိုတာကိုလည်း စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက စိုးရိမ်တကြီး မေးခွန်းထုတ်နေပါတယ်။ တကယ်လို့ အီရန်သာ ဒီပဋိပက္ခတွေမှာ ဝင်ပါခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ ထိန်းချုပ်ဖို့ ခက်တဲ့ အခြေအနေမျိုးထိ ကြီးမားကျယ်ပြန့်သွားမှာလည်း ဖြစ်ပါတယ်။
ကိုးကား: CNA