ဂျပန်သတင်းထောက် ယူကီခိတဇုမိကို ထောင်မှပြန်လွှတ်ပေးပြီး ဂျပန်ပြန်ပို့

ဖမ်းဆီးတရားစွဲခံထားရတဲ့ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို ဒီကနေ့ မေလ ၁၄ ရက်မနက်မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပြန်ပို့လိုက်ပါတယ်။
အလွတ်သတင်းထောက် ယူကီခိတဇုမိဟာ ဒီနေ့ပြန်လွတ်လာမှာဖြစ်ပြီး အစောဆုံး ဒီသောကြာနေ့ညပိုင်းမှာ ဂျပန်ကိုပြန်လာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိစဆုမိုတဲဂီက ဒီနေ့မနက်ပြောတဲ့ အကြောင်း Nikkie Asia ဂျပန်သတင်းမှာ ဖော်ပြပါတယ်။
အခုလို ဂျပန်သတင်းထောက် အမြန်ဆုံး ပြန်လွတ်လာတာဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီယိုမာရုယာမနဲ့ တခြားသူတွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်ဖြစ်တယ်လို့ လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ကျင်းပတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။
ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၁၃ ရက်မှာ ကြေညာခဲ့တာပါ။
ဂျပန်သတင်းထောက်ဟာ CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာ စစ်ဆေးတွေ့ရှိရလို့ ဧပြီ ၁၈ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ပါ အမှုဖွင့် တရားစွဲထားတာလို့ဆိုပါတယ်။
ဥပဒေချိုးဖောက်ထားသူဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အခုအချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံမှုနဲ့ အနာဂတ်ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်ရဲ့ မေတ္တာရပ်ခံ ချက်ကို အလေးထားပြီး သူ့ကို စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းကာ ပြန်လည် စေလွှတ်ပေးတာလို့လည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ညပိုင်းမှာ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရန်ကုန် မြေနီကုန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့ သတင်းထောက် ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။
မစ္စတာခိတဇုမိ ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ Yangon Henshu Production မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Photo Credit- Nikkie Asia