close

ဂျပန်သတင်းထောက် ပြန်လွတ်

close

May 14, 2021

ဂျပန်သတင်းထောက် ယူကီခိတဇုမိကို ထောင်မှပြန်လွှတ်ပေးပြီး ဂျပန်ပြန်ပို့

ဖမ်းဆီးတရားစွဲခံထားရတဲ့ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို ဒီကနေ့ မေလ ၁၄ ရက်မနက်မှာ  အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

အလွတ်သတင်းထောက် ယူကီခိတဇုမိဟာ ဒီနေ့ပြန်လွတ်လာမှာဖြစ်ပြီး အစောဆုံး  ဒီသောကြာနေ့ညပိုင်းမှာ ဂျပန်ကိုပြန်လာမှာဖြစ်တယ်လို့  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိစဆုမိုတဲဂီက  ဒီနေ့မနက်ပြောတဲ့ အကြောင်း Nikkie Asia ဂျပန်သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဂျပန်သတင်းထောက် အမြန်ဆုံး ပြန်လွတ်လာတာဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီယိုမာရုယာမနဲ့ တခြားသူတွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်ဖြစ်တယ်လို့ လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ကျင်းပတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။ 

ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က   မေလ ၁၃ ရက်မှာ ကြေညာခဲ့တာပါ။ 

ဂျပန်သတင်းထောက်ဟာ CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာ စစ်ဆေးတွေ့ရှိရလို့ ဧပြီ ၁၈ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ပါ  အမှုဖွင့် တရားစွဲထားတာလို့ဆိုပါတယ်။

ဥပဒေချိုးဖောက်ထားသူဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အခုအချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံမှုနဲ့ အနာဂတ်ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်ရဲ့ မေတ္တာရပ်ခံ ချက်ကို အလေးထားပြီး သူ့ကို စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းကာ ပြန်လည် စေလွှတ်ပေးတာလို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ညပိုင်းမှာ  ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ်  ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း  ရန်ကုန် မြေနီကုန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့  သတင်းထောက် ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Nikkie Asia

12 hours Ago

February 26, 2021

ဂျပန်သတင်းထောက် ပြန်လွတ်

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က ဒီကနေ့မနက်မှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့  နစ်ကေးအေရှ ဂျပန်သတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့မနက် မြေနီကုန်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူထုကို  ရဲတပ်ဖွဲ့က  အဓမ္မဖမ်းဆီးနေစဉ် သတင်းယူနေတဲ့ ဂျပန်လူမျိုး သတင်းထောက် ခိတဇုမိကို ရဲတွေက အတင်းအဓမ္မ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မစ္စတာ ခိတဇုမိက သူဟာ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့  ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ  သူ့ရဲ့မိတ်ဆွေထံဖုန်းနဲ့ text message စာပို့ခဲ့တယ်လို့ ဆိုပါတယ်။ အခုညနေ ၄ နာရီခွဲလောက်မှာတော့  ပြန်လွတ်လာတဲ့အကြောင်း နစ်ကေးသတင်းထောက်ဆီ   မက်ဆေ့ချ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။   

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊

ဂျပန်သတင်းထောက် တစ်ယောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာကို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ်က အတည်ပြုကြောင်းပြောကြားခဲ့သလို ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကကလည်း ဒီကိစ္စ အလျင်အမြန် လိုက်လံဆောင်ရွက်နေပါတယ်လို့ ဂျပန်သတင်းတွေမှာ အစောပိုင်းက  ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားသား သတင်းထောက် တစ်ဦး ပထမဆုံးအကြိမ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

3 months Ago
Up